အပူအပင်ကင်းပါတယ်။

ခွန်းဆင့်နေခြည်ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကံတရားအတိုင်းပဲ ဆက်လျှောက်မယ်လို့ ဆိုလာပါတယ်။ 

Photo: Nay Chi



အချစ်ရေးနဲ့ပတ်သက်လာရင် အရမ်းတည်ငြိမ်တဲ့ မင်းသမီးချောကတော့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ပါပဲ။ သူမဟာ ချစ်သူမထားတဲ့ အပျိုကြီးတွေရဲ့ အားသာချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အပျိုကြီး၊ လူပျိုကြီးတွေရဲ့ အားသာချက်ကတော့ တော်တော်များများလည်း သိမှာပါ။ အပူအပင်ကင်းတာပေါ့နော်။ ဘာပဲလုပ်လုပ် အချိန်ပိုတွေ ထွက်တာပေါ့။ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိတယ်။ တိုင်ပင်ညှိနှိုင်း ဆွေးနွေး၊ ဆုံးဖြတ်ချက်တွေ ထိုင်စောင့်နေရမယ့် အခြေအနေမျိုးတွေလည်း မရှိဘူးပေါ့နော်။ မခွန်းဆင့်ကလည်း အပျိုကြီး စာရင်းဝင်ဖြစ်နေပြီ။ ကံတရားအတိုင်းပါပဲ အသက်ကြီးမှ အိမ်ထောင်ပြုရမယ့် ကုသိုလ်ကံပါလည်း ကံစီမံရာအတိုင်းပဲ အလွတ်ပေးထားပါတယ်” ဆိုပြီးတော့ ဇူလိုင်(၂၅) ရက်နေ့က သရုပ်ဆောင် ခန့်စည်သူရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်ဟာ လက်ရှိမှာ မိသားစု နဲ့ အတူနေထိုင်တာပါ။ သူမရဲ့ မိဘတွေကလည်း အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးထားတယ်လို့ သူက ပြောပါတယ်။ 

“ အနုပညာလောကမှာ အိမ်ထောင်မပြုသေးတဲ့ အနုပညာသမားတွေလည်း အများကြီးရှိပါတယ်။ လူပျိုကြီး ၊ အပျိုကြီးတွေ ဆိုတာလည်း အိမ်ထောင်မပြုချင်သေးလို့ ယောင်္ကျား၊ မိန်းမ မယူသေးတာပေါ့နော်။ လူတစ်ယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်နဲ့ စိတ်ဆုံးဖြတ်ချက်တစ်ခုကို အတင်း ယောင်္ကျားယူပါလို့ပြောလို့မရဘူး။ အိမ်ကလည်း အိမ်ထောင်ပြုဖို့ မတိုက်တွန်းထားဘူး။ အရာအားလုံးကို ဒါဖြစ်ရမယ်၊ ဟိုဟာဖြစ်ရမယ် ဆိုပြီးတော့ ဖန်တီးထားတာမျိုးတော့ မရှိပါဘူး” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်းပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က