အမှုကတော့ အခြေအနေမထူးသေးပါဘူး။
Ei Ei Myat

အမှုရင်ဆိုင်နေရတဲ့ အဆိုတော်အစ္စဏီရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့အမှုအခြေအနေကလည်း ထူးခြားမှု မရှိသေးပါဘူး။

ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့ (သြဂုတ်၃၀ ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှု ခံယူနေရတဲ့ အဆိုတော်အစ္စဏီဟာ အင်းစိန်ထောင်ထဲမှာ ဆေးကုမှု ခံယူနေရပေမယ့် အပြင်မှာ ဆေးကုသချင်တယ်လို့ ရုံးချိန်အပြန်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

“ကျန်းမာရေးအခြေအနေကတော့ ဆေးကုတာက အထဲမှာပဲကုနေရတာ။ အပြင်မှာကုချင်နေပြီလို့ ပြောချင်ပါတယ်” ဆိုပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ရုံးချိန်းအပြန်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

အစ္စဏီဟာ အပတ်စဉ် ရုံးချိန်းတိုင်းကို ပုံမှန်တက်ရောက်ခဲ့ပေမယ့်လည်း အမှုအခြေအနေကတော့ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။

“အမှုကတော့ မထူးသေးဘူး။ စစ်လည်းမစစ်ဖြစ်ပါဘူး။ကျန်းမာရေးကလည်း ကောင်းလိုက်မကောင်းလိုက်ပါပဲ” လို့ အစ္စဏီရဲ့ မိခင်က ဆိုပါတယ်။

တရားခံ အစ္စဏီကို တရားလို စူးရှထက်ဘက်က သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့ပေမယ့် အစ္စဏီကတော့ အမှုဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သူဆွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးထားပေမယ့်လည်း ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ပြီးဆုံးမယ့် အချိန်အတိအကျ မသိနိုင်ဘူးလို့ အစ္စဏီရဲ့ ရှေ့နေက ဆက်လက်ပြောပြခဲ့ပါတယ်။

အစ္စဏီရဲ့ နောက်ထပ်ရုံးချိန်းကို သြဂုတ်လ(၃၀) ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။




က္က