အပူချိန်လျှော့ချရေး အစီအစဉ်တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။

ချောက်မြို့နယ် မှာ အပူချိန်လျှော့ချရေးအတွက် အနုပညာရှင်ပေါင်း အယောက်(၅၀) တို့က သစ်ပင်စိုက်ပျိုးပေးခဲ့ကြတာ တွေ့ရပါတယ်။ ဒီအတွက် သရုပ်ဆောင် ဇင်ဝိုင်း၊ နေထူးနိုင်၊မင်းမော်ကွန်း၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ တို့အပြင် နောက်ထပ် အနုပညာရှင်တွေက ဝမ်းသာပီတိစကားပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ဦးဆောင်ပြီး နာမည်ကျော် အနုပညာရှင်ပေါင်း အယောက် ၅၀ ဟာ ချောက်မြို့မှာ အပူချိန်လျှော့ချရေးအစီအစဉ်တစ်ခုအနေနဲ့ သစ်ပင်ပေါင်း ၂ သောင်းကို ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းက စိုက်ပျိုးခဲ့ကြတာကို တွေ့ရပါတယ်။



ဒီအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌတစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းက သစ်ပင်စိုက်ပျိုးရခြင်းရဲ့ ရည်ရွယ်ချက်ကို Duwun Media ကနေ အခုလို ပြောပြလာပါတယ်။

‘’ နှစ် ၁၀၀ အထိရုပ်ရှင်တည်တံ့ခဲ့တယ်ဆိုတာ ရုပ်ရှင်ကို အားပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ကျေးဇူးတရားကြောင့်လို့မြင်ပါတယ်။ အဲဒီအတွက် ပြည်သူတွေကို ပြန်လည်ကျေးဇူးဆပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒီကာလအတွင်းမှာတော့ ကိုနေထူးနိုင်ဆီက သတင်းစကားကြားရပါတယ်။ ချောက်မြို့မှာ အပူချိန်လျှော့ချရေးအတွက် သစ်ပင်စိုက်မယ် ဆိုတဲ့အတွက် ဒါကိုလည်း ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ယူဆတဲ့အတွက် လာရောက် စိုက်ပျိုးရခြင်းဖြစ်ပါတယ်’’ လို့ ဆိုပါတယ်။



စ်ပင်စိုက်ဖို့ အစီအစဉ်ကိုတော့ သရုပ်ဆောင် နေထူးနိုင်က စတင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အပူချိန်မြင့်မားတဲ့ နေရာတွေမှာ သစ်ပင်ပေါင်းမြောက်မြားစွာ စိုက်ပျိုးသွားဖို့ ကြိုးစားမယ်လို့ဆိုပါတယ်။

‘’ အပူဒဏ်ကာကွယ်ဖို့ သစ်ပင်စိုက်ကြစို့ ဆိုတဲ့ အစီအစဉ်လေးကိုတော့ ချောက်မှာ သစ်ပင် ၂သောင်းစိုက်ပါမယ်။ အခုချက်ချင်းတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်းကြိုးစားပါတယ်။ အဲဒီထက် ကျော်ရင်လည်း ကျော်ပါမယ်။ ပြီးရင် ရေနံချောင်းမှာ အပင် ၂ သောင်းစိုက်ပါ့မယ်။ ပြီးရင် မင်းဘူး နဲ့ ဂန့်ဂေါမှာ စိုက်ပါမယ်။ မကွေးတိုင်းဟာ အပူချိန်အမြင့်ဆုံးနေရာ ဖြစ်တဲ့အတွက် သစ်ပင်တွေကို စိုက်ပျိုးရခြင်းဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။ 

အဲဒီနောက် သရုပ်ဆောင်မင်းမော်ကွန်းကလည်း ပရိသတ်တွေအတွက် ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပေးခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရာသီဥတုဆိုးရွားလာတာကလည်း သစ်ပင်တွေ နည်းပါးလို့ပေါ့နော်။ ဒီအတွက် သစ်ပင်တွေ များများစိုက်ထားရင် ကျွန်တော်တို့ သားတွေ၊ သမီးတွေလက်ထက်ကျ ရင်တော့ ခံစားရမှာပါ။ ဒီအတွက် ဝမ်းလည်း ဝမ်းသာပါတယ်။ သစ်ပင်စိုက်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တတ်နိုင်သလောက် အားဖြည့်ပါဝင်ပေးသွားမှာပါ’’ လို့ သူကပြောပါတယ်။



ဒါရိုက်တာ ကြည်ဖြူသျှင်ကလည်း သူမအတွက်တော့ ဇွန်လ ၁၈ ရက်နေ့က မမေ့နိုင်စရာ အမှတ်တရတွေများတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူရဲ့ မွေးရပ်မြေမှာ သစ်ပင်စိုက်ပျိုးပေးခွင့်ရလို့ကြည်နူးရပါတယ်တဲ့။

‘’ ဒီချောက်မြို့က ကျွန်မအဖေရဲ့ မွေးရပ်ဇာတိပေါ့။ အဖေဘက်က အမျိုးတွေအကုန်လုံး ချောက်မြို့မှာပဲရှိတာပါ။ ပြီးတော့ ဒီနေ့ဟာ ကျွန်မအဖေဆုံးတာ ၈ လပြည့်ပေါ့။ ကျွန်မအတွက်ကတော့ ဒီနေ့ဟာ အမှတ်တရတွေအများကြီးနဲ့ ပီတိဖြစ်ရတဲ့ နေ့လေး တစ်နေ့ပါ’’ လို့ ဇွန်လ ၁၈ ရက်နေ့က သစ်ပင်စိုက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

အလှမယ်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်အလုပ်လည်း လုပ်နေပြီဖြစ်တဲ့ ပြည့်ဝတီမောင် က ချောက်မြို့သူတစ်ယောက်ပါ။ သစ်ပင်စိုက်ပျိုးပွဲမှာ ပါဝင်ခွင့်ရတဲ့အပေါ်မှာလည်း ဝမ်းသာနေသူဖြစ်ပါတယ်။

‘’ ပြည့်ရဲ့ ဇာတိကလည်း ချောက်မြို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဇာတိရပ်ရွာမှာ အပူချိန်လျှော့ချဖို့အတွက် သစ်ပင်စိုက်ရတယ်ဆိုတော့ ပျော်ပါတယ်။ တစ်နိုင်ငံလုံးမှာလည်း သစ်ပင်စိုက်သင့်ပါတယ်။ တာဝန်ရှိတဲ့ လူကြီးတွေ အနေနဲ့လည်း ချောက်မြို့ကို စိမ်းလန်းစိုပြေအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် သရုပ်ဆောင် ဖူးစုံကလည်း အနုပညာမောင်နှမတွေနဲ့ အတူ သစ်ပင်စိုက်ပျိုးခွင့်ရတဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။

‘’ ပြည်သူတွေလိုအပ်တဲ့ အရာလေးတစ်ခုကို အနုပညာရှင်အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာပီတိဖြစ်ရပါတယ်’’ လို့ သူကပြောပါတယ်။

မိုးပြည့်ပြည့်မောင် ကလည်း ချောက်မြို့နယ်ကိုရောက်တဲ့ ခဏလေးအတွင်းမှာ အရမ်းပူတယ်လို့ ဆိုပါတယ်။ ချောက်မြို့နယ်က ပရိသတ်တွေကိုလည်း သနားမိတယ်လို့ပြောပါတယ်။

‘’ ကိုယ်တွေ ခဏလေးလာတာတောင် အရမ်းပူတာကို ခံစားရပါတယ်။ ဒီမှာရှိတဲ့လူတွေကိုလည်း အရမ်းသနားပါတယ်။ အဲဒီအတွက် သူတို့ကို အေးစေချင်တဲ့ ဆန္ဒနဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ ခေါင်းစဉ်အောက်မှာ မိုးပြည့်တို့ လာခဲ့ခြင်းဖြစ်ပါတယ်’’ သူက ဆိုပါတယ်။

ချောက်မြို့နယ်မှာ အပူချိန်လျှော့ချရေးအတွက် အနုပညာရှင်တွေပါဝင်ခဲ့ကြတာဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ နှစ် ၁၀၀ ပြည့်တော့မယ့် ရုပ်ရှင်လောကအတွက် တစ်ဖက်တစ်လမ်းက ပရိသတ်တွေကို ကူညီခဲ့ကြတာလို့ သိရပါတယ်။ အပူဒဏ်ကာကွယ်ဖို့ သစ်ပင်စိုက်ကြစို့ အစီအစဉ်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဘက်ကလည်း အလှူငွေ (၈၄၂၀၀၀၀)ကိုလည်း မကွေးတိုင်း သစ်ပင်စိုက်ပျိုးဖို့အတွက် လှူဒါန်းခဲ့ပါသေးတယ်။ နှစ် ၁၀၀ ပြည့်အတွက် အလှူအတန်းတွေလည်း လုပ်သွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဇင်ဝိုင်းက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က