သူကိုယ်တိုင် ချက်ထားတဲ့ဟင်းတွေက ပရိသတ်ကြားမှာ ရေပန်းစားလှပါတယ်။

ပွင့်က သူမရဲ့ ဟင်းချက်လက်ရာလေးက အရမ်းကို အောင်မြင်နေတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း စားရတာနဲ့ ချက်ရတာ ဝါသနာပါတယ်လို့ ပြောပါတယ်။

Photo: Pwint



ပရိသတ်အချစ်တော် သရုပ်ဆောင်ပွင့်က သူ့ရဲ့ ဟင်းချက်လက်ရာလေးတွေကို လူကြိုက်များနေပြီလို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အစားအသောက် စားရသလို အချက်အပြုတ်ကိုလည်း ဝါသနာပါလွန်းတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’စီးပွားရေးသောင်းကျန်းတာတော့ မဟုတ်ဘူး။ ပွင့်ကလေ အချက်အပြုတ်လည်းဝါသနာပါတယ်။ စား တာလည်း ဝါသနာပါတာပေါ့နော်။ ပွင့်ကလေ ကိုယ်လုပ်ချင်တဲ့အရာလေးတွေနဲ့ သူငယ်ချင်းတွေကို နောက်ချင်တာ။ သူတို့ကအရမ်းလှချင်တော့ သိပ်မစားကြဘူး။ ကိုယ်ကတော့ ဘာဖြစ်ဖြစ် ဆွဲမယ် ဆိုတဲ့လူလေ။ ကိုယ်စားတဲ့ဟာလေးတွေကို ညဘက်ဆို ဓာတ်ပုံတွေတင်ဖြစ်တယ် သူငယ်ချင်းတွေက ကျွေးပါဦးဆိုတာနဲ့ အားတဲ့ရက်ဆိုရင် အိမ်မှာ ချက်ကျွေးဖြစ်တယ်။ နောက်ပိုင်းကျတော့ တစ်ရက်အိမ်မှာ ကြက်သားကောက်ညှင်းပေါင်းလုပ်မယ်ပေါ့။ နည်းနည်းတော့ရောင်းမယ်ဆိုတာနဲ့ ဝိုင်းမှာကြတာ အကုန်ကုန်ရော။ အဲဒီမှာ တစ်ပတ်ကို တစ်ရက် ရောင်းပေးပါဆိုတာနဲ့ ရောင်းဖြစ်သွားတာပါ။ ချက်နေရရင်၊ စားနေရရင် ဝါသနာပါလို့ လုပ်ဖြစ်သွားတာပါ’’ လို့ သူကဆိုပါတယ်။

Photo: Pwint

အားလပ်ရက်တွေဆိုလည်း အိမ်မှာ အမြဲတမ်း ကိုယ်တိုင် မုန့်လုပ်စားဖြစ်တယ်လို့ ပွင့်က ပြောပါတယ်။ ကိုယ်တိုင် လုပ်စားတာက ကျန်းမာရေးအတွက် ပိုသင့်တော်တယ်လို့ ဆိုပါတယ်။

‘’ အရမ်းဝါသနာပါခဲ့တာပါ။ အိမ်မှာဆိုရင် ကောက်ညှင်းပေါင်း တို့၊ ဆီထမင်းတို့ကအစ အိမ်မှာ ကိုယ့်ဘာသာကိုယ်လုပ်စားတယ်။ ကိုယ့်အိမ်မှာ လုပ်စားရတဲ့ အစားအသောက်အပေါ်ကိုလည်း ယုံကြည်မှုရှိတယ်လေ။ ကိုယ်က မစားပဲ မနေနိုင်ဘူး။ အစားလျှော့မလားဆိုတော့လည်း မလျှော့ဘူး။ ဒီတော့ ကိုယ်လုပ်တာ ကိုယ့်ကိုယ်ကိုယ် စိတ်ချရဆုံးပဲ’’ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့က ‘’စိန်ဂေါ်လီမ ယောကျ်ား’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Pwint

သူမဟာ ဟင်းချက်တာကို ကျွမ်းကျင်မှု တစ်ခုလို သတ်မှတ်ထားပေမယ့် စီးပွားရေး ဆန်ဆန်တော့ ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

‘’ အခုဆို သူများတွေကပြောတယ် စီးပွားအဖြစ်သာ လုပ်လိုက်ပါတော့ပေါ့။ တစ်ခါတလေ ကြက်ကောက်ညှင်းတို့၊ တခြားဟာတွေဆို အော်ဒါတွေ မနိုင်ဘူး။ ဒါပေမယ့် အနုပညာအလုပ်က ကိုယ့်ရဲ့ တကယ့် ဝါသနာဆိုတော့ မိုးတွင်းလေးမှာပဲ တစ်ပတ်ကို တစ်ရက်လောက် လုပ်ရောင်းပေးတာပါ။ တကယ့် စီးပွားဖြစ်ကြီးတော့ လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Pwint

ပွင့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူမဟာ ဝဝကစ်ကစ် အသံချိုချိုလေးနဲ့ ချစ်စရာကောင်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်အဖြစ်သာမက ဂီတဘက်မှာလည်း ဝါသနာပါသူ တစ်ယောက်ပါ။ ပွင့်ရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုရှိပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က