ကျော်ကျော်ပိုင်မှူးနဲ့ လိမ္မော်သီးတို့ရဲ့ အချစ်ရေးအကြောင်းပြောလာပါတယ်။

ကျော်ကျော်ပိုင်မှူးနဲ့ လိမ္မော်သီးတို့ရဲ့ အချစ်ရေးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပိုထားဖြစ်တယ်လို့ ဆိုပါတယ်။ အနုပညာရှင်တွေ ဖြစ်တာကြောင့်လည်း အချစ်ခရီးလမ်းဟာ ထင်သလောက်တော့ မလွယ်ပါဘူးတဲ့။

အဆိုတော် လိမ္မော်သီးက အခုဆိုရင် သရုပ်ဆောင် အဆိုတော် ကျော်ကျော်ပိုင်မှူး နဲ့ ချစ်သူတွေ ဖြစ်နေကြတာပါ။ ချစ်သူဖြစ်တာ သိပ်မကြာသေးဘူးလို့လည်း လိမ္မော်သီးက Duwun Media ကို ပြောပြခဲ့ပါတယ်။



‘’အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အစ်မလည်း အရွယ်ရောက်နေပြီဆိုတော့ ချစ်သူရှိပါတယ်။ အစ်မရဲ့ အကြောင်းကိုလည်း အစ်မက သိပ်ပြောလေ့ ပြောထ မရှိဘူး။ ပုံက တစ်ပုံတင်လိုက်မိလို့ အဲ့ဒီလို ဖြစ်သွားတာ။ ကိုယ့်ကိုယ် အဲ့ဒီလောက်အထိ စိတ်ဝင်စားကြမယ်လို့ လည်း မထင်ထားဘူးလေ။ ချစ်သူသက်တမ်းကလည်း ဘယ်လောက်မှမရှိသေးပါဘူး။ ကိုယ်တွေက ကလေးလို လုပ်မိလို့ အဲဒီလို လူသိသွားတာပါ’’ ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ က ပိုပို ရဲ့ အိမ်တက်အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

လက်ရှိမှာလည်း သူမတို့ နှစ်ယောက်ရဲ့ အချစ်ရေးက ပျော်ဖို့ကောင်းပါတယ်လို့ လိမ္မော်သီးက ပြောပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကလည်း လိုအပ်တာကို ဖြည့်ဆည်းပေးကြရင်းနဲ့ နားလည်မှုရှိတဲ့ အချစ်ရေးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ဘယ်အရာမဆို အစွန်းရောက်ရင်လည်း မကောင်းဘူး။ အရမ်းချစ်လွန်းရင်လည်း မျှော်လင့်ချက်တွေ ကြီးလာပြီးလို့ရှိရင် အတ္တတွေလည်း ကြီးလာမှာ။ အဲဒါကို ထိန်းချုပ်နိုင်ရင်တော့ ကောင်းတယ်။ အချစ်ရေးက လူတစ်ယောက်ကို ချစ်တယ်ဆိုရင် ချုပ်နှောင်ထားပြီးတော့ ချစ်တာမျိုးမဟုတ်ပဲ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာ၊ အနုပညာအလုပ်လုပ်တာဆိုရင်လည်း အောင်မြင်စေချင်တာ၊ တက်လမ်းကို ပိတ်တာမျိုး မဟုတ်တာမျိုးကို လိုချင်တယ်။ အချစ်က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလည်း လိုအပ်တယ်၊ လေးစားမှုလည်း လိုအပ်တယ်။ အစ်မတို့က တစ်ယောက်နဲ့ တစ်ယောက် နားလည်ကြပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Mi Mon Mon Thike

ကျော်ကျော်ပိုင်မှူး နဲ့ လိမ္မော်သီးတို့ ချစ်သူနှစ်ယောက်က အနုပညာအချင်းချင်း လက်တွဲတာ ဖြစ်တဲ့အတွက် နားလည်မှုက ပိုထားကြတယ်လို့ ဆိုပါတယ်။

‘’အဲဒါက ထင်သလောက်မလွယ်ဘူး။ ကိုယ့်အချင်းချင်းကြိုက်တာရှိတယ်၊ ပိုပြီး နားမလည်တာတွေရှိတယ်။ ဥစ္စာခြောက်တာတွေလည်းရှိမယ်။ အစ်မ မြင်တာကို ပြောတာပေါ့နော်။ ထင်သလောက်မဖြစ်တာလည်း ရှိတယ်။ အဓိက က အပြင်လူပဲ ဖြစ်ဖြစ် အချင်းချင်းပဲဖြစ်ဖြစ် အပြည့်အဝ နားလည်မှုရှိရမယ်၊ လေးစားရမယ်ပေါ့။ ဒါဆိုရင်တော့ အဆင်ပြေမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Kyaw Kyaw Paing Hmue

အဆိုတော် လိမ္မော်သီးကို Rock သီချင်းတွေ ဆိုတဲ့ ကောင်မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် အသားဖြူဖြူ နဲ့ ပြုံးလိုက်ရင် ချစ်စရာကောင်းလွန်းတဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့ အသံပါဝါအားကတော့ အရမ်းကို မိုက်ပါတယ်။ လိမ္မော်သီးဟာ မွန်တိုင်းရင်းသူလေး တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က