ကိုယ်တိုင်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။
Sabal Thwin

သဉ္ဇာဟာ အစ်မဖြစ်သူ ဝါဆိုမိုးဦးရဲ့ အောင်မြင်မှုတွေကြောင့် သူမရဲ့ အနုပညာလမ်းကြောင်းက အခက်အခဲမရှိ အဆင်ပြေတယ်လို့ဆိုပါတယ်။ အနုပညာအပေါ်ထားတဲ့ သဉ္ဇာ့ရဲ့ ရည်မှန်းချက်တွေကိုလည်း အခုလို ပြောပြလာပါတယ်။ 

Photo: Thinzar

တက်သစ်စ အနုပညာရှင်လေးတွေထဲကမှ သဉ္ဇာ ကလည်း ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမငယ်လေးပါ။ အစ်မဖြစ်သူကြောင့်လည်း ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’ အစ်မဖြစ်သူရဲ့ အောင်မြင်မှုက ညီမအပေါ် လွှမ်းမိုးနေတာကို နှစ်သက်တယ်။ ဒီလောကမှာ အစ်မရဲ့ အောင်မြင်မှုရှိနေတော့ သင်ဇာ့အတွက်က မခက်ခဲတော့ဘူးပေါ့နော်။ အစ်မနဲ့ သိပြီးသား၊ ရင်းနှီးပြီးသား ခင်မင်မှုတွေက ရှိထားကြတော့ ကိုယ်သရုပ်ဆောင်လုပ်မယ့် အခါကျလို့ရှိရင် မစိမ်းတော့ဘူးပေါ့နော်။ အစ်မနဲ့ သိတဲ့သူကလည်း ညီမနဲ့ သိတဲ့အခါကျရင် သရုပ်ဆောင်ရတာတွေလည်း လုပ်ရဲသွားမယ်ထင်တယ်’’ လို့ ဆိုပါတယ်။

Photo: Thinzar

သဉ္ဇာ ဟာ အနုပညာအလုပ်တွေထဲမှာမှ သရုပ်ဆောင် အလုပ်ကို ဝါသနာကြီးသူဖြစ်ပါတယ်။ ပရိသတ် လက်ခံတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လို့လည်း ကြိုးစားမယ်လို့ ဆိုပါတယ်။

‘’ သဉ္ဇာ ကတော့ ကိုယ်က စပြီး သရုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် Perfect ဖြစ်အောင် ပရိသတ်တွေ သဘောကျတဲ့အထိ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် သဉ္ဇာ ကြိုးစားသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ်၊ ဘာတွေ ပြင်ဆင်ရမလဲဆိုတာကတော့ ကိုယ်ကိုယ်တိုင်လည်း သိရမယ်၊ ပရိသတ်ပြောတာလည်း နားထောင်သွားမယ်၊ ကိုယ်တစ်ယောက်တည်း အမြင်လည်း ဆုံးဖြတ်လို့ မရဘူးပေါ့နော်’’ ဆိုပြီးတော့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Thinzar

သဉ္ဇာ ကတော့ အစ်မဖြစ်သူ ဝါဆိုမိုးဦး လို ဂီတရော၊ သရုပ်ဆောင်ဘက်ရော ကြိုးစားချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ အောင်မြင်လာခဲ့ရင်လည်း ကြီးကျယ်သွားမယ့် ကောင်မလေး မဟုတ်ပါဘူးလို့ သူကပြောပါတယ်။

‘’ဂီတနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပေမယ့် ဂီတဘက်ကိုတော့ ခြေမလှမ်းသေးဘူး။ သရုပ်ဆောင်တဲ့ဘက်ကိုပဲ ဦးစားပေးပြီးတော့ လုပ်ချင်တယ်။ အောင်မြင်သွားရင်လည်း သဉ္ဇာ က မချေပါဘူး။ သဉ္ဇာ ရဲ့ Type က သူငယ်ချင်းထားတာလည်း နည်းတယ်။ ကျောင်းမှာဆိုရင် သူငယ်ချင်းထားတာ အလွန်ဆုံး ၂ယောက်ပဲ။ ဒါကလည်း Best Friends လိုဖြစ်သွားတာပါ။ တစ်ခါတလေမှာမျက်နှာ တည်တယ်ဆိုတာက မခင်သေးလို့ပါ’’ လို့ သူကဆိုပါတယ်။

Photo: Thinzar

သဉ္ဇာ့(Thinzar) ကိုတော့ ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်ပေါ်မှာ ညီမလေးအရင်းလေးပါဆိုပြီးတော့ မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်လို့နေပါပြီ။ ပညာရေးမှာလည်း ကြိုးစားနေသူဖြစ်သလို အနုပညာလှုပ်ရှားမှုတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးလည်းဖြစ်သလို ဘာဘီရုပ်လေးနဲ့ တူတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတွေကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေက ပိုတိုးလို့ အားပေးလာကြတာဖြစ်ပါတယ်။ 




က္က