မအေးသောင်းရဲ့ အချစ်ရေးကို အကောင်းဆုံးဖြစ်စေချင်ပါတယ်တဲ့။

ဆွိဝတ်ရည်သောင်းက အစ်မနှစ်ယောက်ဖြစ်တဲ့ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ အချစ်ရေး အိမ်ထောင်ရေးအပေါ် ညီမငယ်တစ်ယောက်ရဲ့ ဆန္ဒတွေကို ဖွင့်ဟ ပြောပြလာပါတယ်။

Photo: Sweet Wuttyi Thaung

သရုပ်ဆောင် နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းတို့ရဲ့ ညီမအငယ်ဆုံးလေး ဆွိဝတ်ရည်သောင်းကတော့ အစ်မ နှစ်ယောက်ရဲ့ နှလုံးသားရေးရာအပေါ် သူမဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ မအေးသောင်းရဲ့ အချစ်ရေးကိုလည်း အကောင်းဆုံးတွေဖြစ် စေချင်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ အဓိကက သူ့အပေါ်ကောင်းဖို့ရယ်၊ သူ့ကိုချစ်ဖို့၊ သူလည်းချစ်ရမယ်၊ သူ့အတွက်လည်း အဆင်ပြေရမယ်ပေါ့။ ဆွိစဉ်းစားထားတာကတော့ သူ့အတွက်အကောင်းဆုံး လူတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ သူလည်း အဲဒီလိုပဲ သူရွေးချယ်တဲ့သူက အကောင်းဆုံးဖြစ်မယ်လို့ ဆွိက ယုံကြည်ပါတယ်’’လို့ သူကဆိုပါတယ်။

Photo: Sweet Wuttyi Thaung

အဲဒီနောက် အိမ်ထောင်ကျပြီးသွားပြီဖြစ်တဲ့ အစ်မကြီးဖြစ်သူ သရုပ်ဆောင်နှင်းဝတ်ရည်သောင်း အကြောင်းကိုလည်း ဆွိဝတ်ရည်သောင်းက ဆက်လက် ပြောပြလာပါတယ်။

‘’ အကြီးမက အိမ်ထောင်ကျသွားတာ အင်္ဂလန်မှာနေတဲ့ ဘာသာတူ မြန်မာလူမျိုးပါပဲ။ ကိုအောင်ဇော်ထွန်းပါ။ အားလုံးအဆင်ပြေပါတယ်။ အဓိကက ဘာသာလည်းတူတယ်။ မကြီးအပေါ်လည်း နားလည်နိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း အရမ်းချစ်တော့ ဘာမှပြောစရာမလိုပါဘူး။ တကယ်ကို မိသားစုဝင်တစ်ယောက်ပါပဲ’’ လို့ ဧပြီလ ၁၁ ရက်နေ့က နေအိမ်မှာပြုလုပ်တဲ့ စတုဒီသာအလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Sweet Wuttyi Thaung

အစ်မနှစ်ယောက်ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်းတွေကို ရွှန်းရွှန်းဝေအောင်ပြောလာတဲ့ ဆွိဝတ်ရည်သောင်းက သူမရဲ့ အချစ်ရေးအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလာပါတယ်။

‘’ဒီလိုမျိုးဖြစ်ရမယ်၊ ဘယ်လိုမျိုးဖြစ်ရမယ်ဆိုတဲ့ စံနှုန်းတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဓိက ကတော့ နှလုံးသားနဲ့ ခံစားရတာပေါ့။ ရင်ထဲက ဘာမှ မပါပဲ ဘာမှ မပြောဘူး၊ မလုပ်ဘူး။ အစ်မနှစ်ယောက်ရဲ့ အချစ်ရေးကိုလည်း ဘေးနားကနေ အကြံပေးတာလောက်ပါပဲ။ သူတို့က ဆွိထက် အများကြီး စဉ်းစားတတ်တယ်လေ။ သူတို့လည်း သူတို့အရွယ်နဲ့ သူတို့ဆိုတော့ ဆွိထက် ပိုသိကြပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Sweet Wuttyi Thaung

ဆွိဝတ်ရည်သောင်းကိုတော့ တစ်ချိန်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ ပညာရေးဘက်ကို ဦးစားပေးပြီး ကြိုးစားနေတဲ့အချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်သီချင်းလေးတွေ ဖန်တီးပြီး ဂီတလောကထဲမှာ အောင်မြင်ဖို့အတွက် ကြိုးစားနေသူလေးဖြစ်ပါတယ်။ 



က္က