နောက်ထပ် အမှားထပ်မလုပ်ဖို့ ပြောထားတယ်။
Sabal Thwin

နေမျိုးအောင်က လူသိရှင်ကြားဖြစ်ခဲ့ရတဲ့ သားဖြစ်သူ မင်းထိုက်ရဲ့ အချစ်ရေး ပြဿနာအပေါ် အခုလို သုံးသပ်ပြောပြလာပါတယ်။ ဒီကိစ္စအတွက် သားကို သေသေချာချာ ဆုံးမခဲ့တယ်လို့ ဆိုပါတယ်။ 

photo: Thandar Nay Myo Aung



သရုပ်ဆောင် နေမျိုးအောင်ကတော့ သားဖြစ်သူ မင်းထိုက် ရဲ့ အချစ်ရေး ကိစ္စ ပြဿနာတွေ ဖြစ်ခဲ့တဲ့အပေါ် အခုလို ပြောပြလာပါတယ်။ ဒီအကြောင်းအရာတွေကိုလည်း သေသေချာချာ မသိခဲ့တာ အမှန်ပဲလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ လတ်တလောမှာဖြစ်သွားတဲ့ ကိစ္စကလည်း အစ်ကိုက ရှုတင်မှာပဲ မသိလိုက်ဘူး။ နောက်ဆုံးခန်းရိုက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အဲဒီအကြောင်းက လိုင်းပေါ်တက်လာရော။ မိန်းမနဲ့ ရန်ဖြစ်နေတာကိုလည်း မသိလိုက်ဘူး။ နောက်တော့မှ အမွေပြတ်စွန့်လွှတ်မယ်ဆိုတော့.. ဟာ ဘာတွေဖြစ်ကုန်ပြီလဲပေါ့။ မိန်းမကို ပြန်မေးကြည့်တော့မှ အစ်ကိုလည်း သေချာ သိလိုက်ရတာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြို လူတွေ့ စစ်ဆေးပွဲမှာ ဖြေဆိုခဲ့တာပါ။ 

photo: Thandar Nay Myo Aung

လူသိရှင်ကြားဖြစ်ခဲ့ရတဲ့ အနေအထားတစ်ခုအတွက် သားဖြစ်သူကိုလည်း သေသေချာချာ ဆုံးမသွန်သင်ခဲ့တယ်လို့ နေမျိုးအောင်က ပြောပါတယ်။ မင်းထိုက်ရဲ့ အချစ်ရေးသတင်းဟာလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တော်တော်လေး ပျံ့နှံ့ခဲ့တာပါ။ နောက်ထပ် အမှားထပ်မလုပ်ဖို့ ပြောခဲ့တယ်လို့ နေမျိုးအောင်ကဆိုပါတယ်။ 

“ သားကို အစ်ကို့နားခေါ်လိုက်တယ်၊ သား တစ်ခုခုအမှားလုပ်လိုက်တဲ့အတွက် အဖေ့မှာ အနုပညာဂုဏ်သိက္ခာရှိတယ်၊ အဖေ့တန်ဖိုး၊ အဖေ့ ပရိသတ်တွေအများကြီးရှိတယ်။ ဒီဟာလေးတစ်ခုနဲ့ အဖေ့အနုပညာလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နေလာခဲ့တာ ဒါလေးတစ်ခုနဲ့ နာမည်ပျက်ရတော့မှာလား။ ဒါ ပထမဆုံးသတိပေးခြင်းဖြစ်ပါစေ။ နောက်တစ်ခါ အမှားမလုပ်ပါနဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး လို့ပဲ ဆုံးမပေးလိုက်တာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

photo: Thandar Nay Myo Aung

နေမျိုးအောင်ဟာ သားဖြစ်သူ မင်းထိုက် ရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ သိရပါတယ်။ ချွေးမ တော်ရမယ့် မိန်းကလေးဟာ ဘယ်လိုပုံစံဖြစ်နေမှ ရမယ် ဆိုတာမျိုး မသတ်မှတ်ထားဘူးလို့ သူကပြောပါတယ်။ 

“ လူငယ်သဘာဝဆိုတာတော့ အမှားနဲ့ မကင်းပါဘူး။ အမှားထဲကနေ အမှန်သိတယ်ဆိုတာ တန်ဖိုးတစ်ခုပဲလေ။ အခုဆို အစ်ကို့အသက် ၅၀ ပြည့်တော့မယ် အရင်တုန်းက မှားခဲ့တာတွေလည်း ရှိတာပဲ။ အမှန်ကို သိသွားတဲ့ အချိန်မှာတော့ အမှားတွေကို ဖြတ်နိုင်သွားတယ်။ ဒါကြောင့် သူလည်း အရွယ်ရောက်လာတာနဲ့ အမျှ ဒီလို ဆုံးဖြတ်နိုင်ခဲ့တာနေမှာပါ။ သူနဲ့ သဘောတူတဲ့ မိန်းကလေးပုံစံကို သတ်မှတ်ထားပေးတာလည်း မရှိဘူး။ အစ်ကိုတောင် အစ်ကိုကြိုက်တဲ့ အမျိုးသမီးကို ယူခဲ့သေးတာပဲလေ” လို့ သူကဆိုပါတယ်။ 

photo: Thandar Nay Myo Aung

မင်းထိုက်ကိုတော့ Star Awards ဆုရွေးချယ်ပွဲမှာ ဗန်းကိုင် တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဖခင်ဖြစ်သူ နေမျိုးအောင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

နေမျိုးအောင်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်တုန်းက စီနီယာ ဆရာသမားတွေအနောက်ကနေ လွယ်အိတ်တစ်လုံး လွယ်ရင်း မှတ်တမ်းရေး၊ Edit ဖြတ် ဆိုတဲ့ အနေအထား တစ်ခုကနေ ဒီနေ့ ဒီအချိန်ထိ အနုပညာလောကမှာ ရပ်တည်နိုင်အောင် ပရိသတ်က နေရာပေးခဲ့တာပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အက်ရှင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်အားပေးမှု နဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က