အိမ်မှာ တော်တော်လည်း နားငြီးပါတယ်။

မင်းမော်ကွန်းက သူ့ရဲ့ ဂီတဝါသနာအတိုင်း သားဖြစ်သူ မင်းမြတ်က အခုချိန်မှာ သီချင်းတွေလုပ်နေပြီလို့ သိရပါတယ်။ ဒါကြောင့်လည်း ဂီတအပေါ် စိတ်ကြိုက် ဖန်တီးခွင့်ပေးထားတယ်လို့ဆိုပါတယ်။

Photo: Min Myat



မင်းမော်ကွန်းက လက်ရှိမှာ သူ့ရဲ့ ဂီတမျိုးဆက်သစ်ဖြစ်တဲ့ သားဖြစ်သူ မင်းမြတ်အကြောင်းကို ပြောလာပါတယ်။ သားဖြစ်သူရဲ့ ဝါသနာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ သူ့ရွေးချယ်မှုကတော့ ဒါကလည်း သူ့အကြိုက်နဲ့ သူပေါ့နော်။ ကျွန်တော်ကတော့ ဒီဟာ နားထောင်၊ ဟိုဟာနားထောင်ဆိုပြီးတော့ ပြောလို့မရဘူး။ ကျွန်တော်လည်း ကိုယ်ကြိုက်တာ ကိုယ်နားထောင်တယ်။ သူလည်း သူ့အကြိုက်နဲ့သူ နားထောင်တယ်။ လွတ်လွတ်လပ်လပ်ပါပဲ’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ မွေးနေ့ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Min Myat

မင်းမော်ကွန်းဟာ သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူဖြစ်သလို ဂီတဘက်မှာလည်း ‘’မြေပဲယို’’ အဖွဲ့ နဲ့ သီချင်းတွေ ဖန်တီးခဲ့သူပါ။ ဒါပေမယ့် လက်ရှိမှာတော့ ဂီတနဲ့ ပတ်သက်ပြီး သားဖြစ်သူကိုလေးလေးနက်နက် သင်ပြပေးတာမျိုးတော့ သိပ်မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။

‘’ သိပ်ပြီးတော့လည်း မညွှန်ပြနိုင်တော့ပါဘူး။ ကျွန်တော့်အကြိုက်တွေက နည်းနည်းရပ်သွားပြီထင်ပါတယ်။ နောက်ထွက်တဲ့ အသစ်တွေဆိုရင် ကျွန်တော်အများကြီး နားမထောင်ဖြစ်တော့ဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း မိဘတွေက အဲဒီလိုပဲဖြစ်မှာပါ။ နားငြီးတယ်တို့ဘာတို့ပေါ့။ ကျွန်တော်တို့လည်း တစ်ခါတလေကျရင်တော့ အိမ်မှာ နားငြီးပါတယ်’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Min Myat

မင်းမော်ကွန်းက အသက် ၄၀ အရွယ်ရှိတာတောင် သားသမီးတွေနဲ့ယှဉ်လိုက်ရင် မောင်နှမလို့တောင် အထင်ခံရသူပါ။ သားသမီးတွေနဲ့ သူနဲ့ ဆက်ဆံရေးကလည်း သူငယ်ချင်းလိုပါပဲတဲ့။

‘’ ကျွန်တော် တို့က သူငယ်ချင်းလိုပဲ ပေါင်းတာပါ။ သားနဲ့ သမီးက အနုပညာအလုပ်တွေလည်း လုပ်ထားတာဖြစ်တဲ့အတွက် သူတို့ ဝါသနာပါတဲ့ လမ်းကြောင်းကိုတော့ မှန်မှန်ကန်ကန်ရွေးချယ်စေချင်ပါတယ်’’ လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

မင်းမော်ကွန်းက လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သားရော၊ သမီးရောက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆောင်ရွက်နေရပြီဖြစ်ပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က