အသက် ၁၆ နှစ်ကတည်းက အနုပညာအလုပ်တွေ လုပ်လာခဲ့သူပါ။

သရုပ်ဆောင် ဖူးပွင့်သခင်က အသက် ၁၆ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့အတွေ့အကြုံတွေ ပြောပြလာပါတယ်။ အနုပညာကို ချစ်လို့ ဇွဲမလျော့ပဲ အဆုံးထိ ဆက်လျှောက်မယ်လို့ ဆိုပါတယ်။ 

Photo: Phoo Pwint Thakhin



ဖူးပွင့်သခင်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာအလုပ်တွေ စလုပ်လာတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြလာပါတယ်။ အတိုက်အခိုက်တွေလည်း များခဲ့တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ညီမ မင်းသမီးစလုပ်တုန်းကဆိုရင် အသက် ၁၆ နှစ်ပဲရှိသေးတယ်။ ကလေးလည်းဖြစ်သေးတာပေါ့နော်။ အဲဒီတုန်းကဆိုရင် ဇာတ်ကားမှာ ကိုယ်က ခေါင်းဆောင် ဆိုပေမယ့် အခန်းတွေ လျှော့တာ စသည်ဖြင့် အမျိုးမျိုး ကြုံခဲ့ရဖူးတယ်ပေါ့နော်။ ဒါမျိုးကလည်း အခုအောင်မြင်နေတဲ့ အနုပညာရှင်တိုင်းကလည်း ဒီလို အမာရွတ်မျိုးတွေနဲ့ပါပဲ။ တိုက်ခိုက်မှုဒဏ်တွေနဲ့ သူတို့လည်း ကြိုးစားခဲ့ရတာပေါ့နော်။ ဒါတွေဟာ ညီမကို ရှေ့ဆက်ရောက်စေမယ့် တွန်းအားတွေ ဖြစ်တဲ့အတွက် ကျေးဇူးတွေ တင်နေရတာပါ’’ လို့ သူကဆိုပါတယ်။

Photo: H Photography

သူမကိုတော့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ ပိုသိလာခဲ့တာဖြစ်ပါတယ်။ ခေတ်ကာလအရ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ အလှဓာတ်ပုံတွေ တင်ရင်း ပရိသတ်နဲ့ ပိုရင်းနှီးလာတယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က ဦးစိုင်းနေမျိုးဝင်း မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ညီမက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပုံတွေ သိပ်မတင်ဘူး။ အခုနောက်ပိုင်းကျတော့မှ ပုံတွေတင်ပါဆိုလို့ တင်တာ။ ကိုယ်က အရင်ကတည်းက အွန်လိုင်းက မဟုတ်ဘူး။ ညီမဇာတ်ကားတွေစရိုက်တုန်းကဆိုရင် ဖေ့စ်ဘွတ်တောင် မသုံးကြသေးဘူး။ ကိုယ့်အကြောင်းကို ဂျာနယ်၊ မဂ္ဂဇင်းတွေကနေတဆင့် ကိုယ့်အကြောင်းကို သိကြတာပေါ့နော်။ ဖေ့စ်ဘွတ်ပေါ်မှာ ဘယ်လို လုပ်ရင် နာမည်ကြီးမယ်ဆိုတာကိုလည်း မတွေးမိဘူး’’ လို့လည်း ပြောပြခဲ့ပါတယ်။

Photo: Phoo Pwint Thakhin

ဖူးပွင့်သခင်က အနုပညာအပေါ်ထားတဲ့ သူမရဲ့ ခံယူချက်ကိုလည်း ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောပြလာပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ လျှောက်တဲ့ လမ်းအတွက် အဆုံးထိ လျှောက်ဖို့ တွေးထားတယ်လို့ သူကပြောပါတယ်။

‘’ အဓိက ကတော့ ကိုယ်လျှောက်ချင်တဲ့လမ်းက ဘာလဲဆိုတာကိုပဲ ညီမတွေးတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာကို ညီမတွေးတယ်။ ဘယ်လိုအောင်မြင်အောင်ကြိုးစားရမလဲဆိုတာလည်း တွေးတယ်။ ညီမကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်တယ်။ သူများနဲ့ ပြိုင်ရင် မနာလိုမှုတွေ၊ အတ္တတွေ အရမ်းကြီးလာမယ်။ ကိုယ် ရှုံးနိမ့်သွားရင်တော့ မခံနိုင်ဘူးပေါ့။ သူတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် နောက်ရောက်လား၊ ရှေ့ရောက်လား မတွေးဘူး။ တစ်ချိန်ကျရင် အနုပညာကို တကယ်ချစ်တဲ့သူက ကျန်ခဲ့မှာပဲ။ တကယ်ချစ်ဖို့ပဲလိုတာပါ’’ လို့ ဆိုပါတယ်။

Photo: Phoo Pwint Thakhin

ဖူးပွင့်သခင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာလည်း စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။ အရပ်လည်းမြင့်သလို ရုပ်ရည်ကလည်း ချောမောလှတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကြောင့်လည်း အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က