သူမကိုယ်တိုင် အိမ်အထိ လိုက်သွားခဲ့တာပါ။
Sabal Thwin

ရွှေပိုးအိမ်ဟာ လိမ္မော်သီးတွေ ဖျက်စီးခံလိုက်ရတဲ့ အဘ ဦးသိန်းထွန်းတို့ မိသားစုအတွက် တတ်နိုင်တဲ့ဘက်က အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။ အဘတို့ မိသားစုဘဝလေးကို ကိုယ်တိုင်တွေ့ခဲ့ရတာ ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ 

Photo: Shwe Poe Eain



သရုပ်ဆောင်ရွှေပိုးအိမ်ကတော့ လမ်းဘေးဈေးသည်တစ်ဦးဖြစ်တဲ့ အဘဦးသိန်းထွန်းရဲ့ လိမ္မော်သီးတွေကို စည်ပင်ဝန်ထမ်းတွေက ဖျက်စီးခဲ့တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး စိတ်မကောင်းတော်တော်ဖြစ်ခဲ့ရပါတယ်တဲ့။ ဒါကြောင့် အဘရဲ့ နေအိမ်အထိ လိုက်သွားပြီး တတ်နိုင်သလောက် ကူညီမှုတွေ ပေးခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“ အဘအိမ်ကို လိုက်သွားတယ်၊ အဘကလည်း အင်တာဗျူးတွေ ဖြေနေရတယ်၊ ဘေးမှာလည်း ညီမလေးကို မြင်လိုက်ရတဲ့အချိန်မှာ ရင်ထဲကို စို့နင့်သွားတာပဲ။ အဘက သမီးလေးအကြောင်းပြောပြတယ်၊ သားအကြီးကလည်း ကျောကုန်းမှာ ဘုလေးတစ်ခုရှိနေတယ်။ အဲဒီတော့ သူများတွေက ၁၀၀၀၀ လောက်ရရင်သူက ၈၀၀၀ လောက်ပဲရတာတဲ့။ ကလေးလေးက စကားလည်း မပြောတတ်လောက်ဘူး။ အဘကလည်းပြောတယ် သူ့ကြောင့် တခြားဈေးသည်တွေကို ထိခိုက်မှာစိုးလို့ ဈေးမရောင်းနဲ့ဆိုလည်း မရောင်းပါဘူးပေါ့နော်။ အဲဒီလိုပြောတော့ တကယ်ရင်ထဲမကောင်းဘူး” လို့ ဆိုပါတယ်။ 

Photo: Shwe Poe Eain

မိသားစုစားဝတ်နေရေးအတွက် လမ်းဘေးမှာဈေးရောင်းရင်း စီးပွားရှာနေရသူတွေအတွက် ကိုယ်ချင်းစာစိတ်လေး ထားစေချင်တယ်လို့ သရုပ်ဆောင် ရွှေပိုးအိမ်က ပြောပါတယ်။ သူမကိုယ်တိုင်ကလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့ခဲ့တဲ့ အဘဦးသိန်းထွန်းရဲ့ ဈေးဗန်းကို စည်ပင်ဝန်ထမ်းတွေက ထုထောင်းခဲ့တဲ့ အပြုအမှုလုပ်ရပ်မျိုးကို သဘောမကျဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ 

“ မိသားစုဝမ်းစာအတွက် ဒီလို ဈေးရောင်းစားနေရတဲ့ သူတွေကို အော်ဟစ်ပြော ဆိုတာတွေ၊ ဈေးဗန်းတွေကို ခြေထောက်နဲ့ ကန်တာမျိုး၊ ဒါတွေက လူမဆန်တဲ့လုပ်ရပ်တွေ၊ လုံးဝ မဖြစ်စေချင်ပါဘူး။ ဒါကို ထိထိရောက်ရောက် အမိန့်ချလိုက်တယ်၊ စည်းကမ်းချမှတ်လိုက်တယ်ဆိုရင်တော့ အဆင်ပြေမှာပေါ့။ ကိုယ့်ရဲ့မိသားစုဝင်တွေလို သဘောထားရင် ကိုယ်ချင်းစာလို့ ရတယ်။ ကောင်းကောင်းမွန်မွန်ပြောလို့ရပါတယ်။ မြန်မာလူမျိုးအချင်းချင်းရိုင်းပင်းကူညီတာမျိုးပဲ ဖြစ်စေချင်တာပေါ့နော်။ နိုင့်ထက်စီးနင်းလုပ်တာမျိူးကို လုံးဝ လက်မခံပါဘူး၊ ဒီလိုမျိုးလည်း မဖြစ်စေချင်ပါဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ်ကတော့ ဗိုလ်ချုပ်ဈေးရှိ လမ်းဘေးတစ်နေရာမှာ လိမ္မောသီးရောင်းရင်း အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ အဘ ဦးသိန်းထွန်းတို့ မိသားစုကို ငွေကျပ် ၆ သိန်း ၂ သောင်း ကူညီခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလှူငွေထဲမှာ သူမရဲ့ သူငယ်ချင်းဖြစ်သူ နဲ့ We Love Shwe Poe Eain အဖွဲ့သားတွေရဲ့ အလှူငွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ရွှေပိုးအိမ်ဟာ သူမရဲ့ ပရိသတ်တွေနဲ့ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ မကြာခဏ အလှူအတန်းတွေ လုပ်လေ့ရှိတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က