သရုပ်ဆောင်အလုပ်ကို လုပ်သွားဦးမှာပါ။
Sabal Thwin

မာရီကိုးလ်ဟာ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ခဏတာဝေးနေတာက နာဂတိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေရတယ်လို့ဆိုပါတယ်။

Photo: မာရီကိုးလ်

မာရီကိုးလ် က လက်ရှိမှာတော့ နာဂတိုင်းရင်းသားတွေအတွက် လိုအပ်တဲ့အရာတွေကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာအလုပ်တွေထက် လူမျိုးရေးကို ဦးစားပေးဆောင်ရွက်နေရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’ သရုပ်ဆောင်အပိုင်းကတော့ အစ်မကလေ သေသေချာချာ ကောင်းကောင်းမွန်မွန်လေး ပြင်ဆင်ပြီးတော့ ရိုက်ချင်တာပေါ့နော်။ ပြီးတော့ အဲဒီဘက်တွေထက် ကိုယ့်လူမျိုးအတွက်က ပိုအရေးကြီးတာဆိုတော့ အဓိက ထား လုပ်ဖြစ်နေတဲ့ အပိုင်းလည်းပါတာပေါ့။ သီချင်းခွေ ထွက်ပြီးရင်တော့ သရုပ်ဆောင်ဘက်ကို သွားဖို့ ကြိုတင်ပြင်ဆင်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: မာရီကိုးလ်

သူမဟာ ဂီတလောကမှာလည်း ကြိုးစားနေသူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဒါကြောင့် နာဂလူမျိုးတွေအတွက် အထောက်အကူဖြစ်စေမယ့် ဇာတ်ကားလေးကိုလည်း ရိုက်ကူးချင်တယ်လို့ဆိုပါတယ်။

‘’ ကိုယ့် လူမျိုးကို အထောက်အကူဖြစ်စေမယ့် ဇာတ်ကားလေးတွေရိုက်ဖို့ အစီအစဉ်လည်းရှိပါတယ်။ အဲဒီအတွက်လည်း အခု စပြီးတော့ အချက်အလက်လေးတွေ စုဆောင်းနေပါတယ်။ အဲဒါလေးတွေလည်း လုပ်ဖို့ရှိပါသေးတယ်’’ လို့ သူကပြောပါတယ်။

Photo: မာရီကိုးလ်

အဲဒီနောက် မာရီကိုးလ်က သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ မကြာခင်တွေ့မြင်ရတော့မှာပါလို့ ဆိုပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ကြာမြင့်နေပြီဖြစ်ပါတယ်။

‘’အနုပညာလှုပ်ရှားမှုတွေကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအားလုံး၊ စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေကြတာတွေ၊ ချစ်ပေးနေကြတာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် သေသေချာချာလေး ဖြစ်အောင်၊ အားပေးရကျိုးနပ်အောင် လုပ်သွားမယ့် အရာလေးတွေလည်းရှိပါတယ်။ ခဏလောက် စောင့်ပေးကြပါလို့’’ ဆိုပါတယ်။

Photo: မာရီကိုးလ်

မာရီကိုးဟာ နာဂတိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့အတွက် မော်ဒယ်သင်တန်းတက်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိအားပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ပရိသတ်အခိုင်အမာ ရရှိလို့နေပါပြီ။ 


ဆက်စပ်အကြောင်းအရာများ


က္က