အားမပေးဘူး၊ မလုပ်စေချင်ဘူး။

ဟိန်းဝေယံက လက်ရှိမှာတော့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကား ရိုက်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ညီမငယ်လေးကိုတော့ အနုပညာအလုပ် မလုပ်စေချင်ပါဘူးတဲ့။ အစ်ကိုတစ်ယောက်အနေနဲ့ စိတ်မဆင်းရဲစေချင်ဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် ဟိန်းဝေယံက သူ့ရဲ့ တစ်ဦးတည်းသော ညီမငယ်လေးကို အနုပညာအလုပ်တွေ မလုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ဒါကလည်း အစ်ကိုတစ်ယောက်အနေနဲ့ ညီမလေးကို စိတ်ဆင်းရဲမှုဒဏ်တွေ မခံစေချင်ဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။



‘’ဒီအနုပညာအလုပ်က အရမ်းပင်ပန်းတယ်ပေါ့နော်။ လူလည်းအရမ်းပင်ပန်းတယ်၊ စိတ်လည်းအရမ်းပင်ပန်းတယ်။ ပြီးတော့ အတိုက်အခိုက်တွေ၊ ဝေဖန်မှုတွေ အများကြီးရှိတယ်။ အဲဒီဝေဖန်မှုဒဏ်တွေ သူမခံနိုင်မှာကို စိုးရိမ်တယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်လို့ရှိရင် ကိုယ့်ညီမလည်းဖြစ်နေတဲ့အပေါ် သူစိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်မှာစိုးလို့ ကျွန်တော်ကတော့ မလုပ်စေချင်ဘူး၊ အားမပေးဘူးပေါ့။ မလုပ်ရဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာမျိုးတော့ မရှိပါဘူး’’ လို့ သူကဆိုပါတယ်။

ဟိန်းဝေယံရဲ့ ညီမငယ်လေး ရွှေစင်ဝင်းကိုဟာ လက်ရှိမှာလည်း အနုပညာအလုပ်တွေ တဖြည်းဖြည်း လုပ်လာသူတစ်ယောက်ပါ။ ဒါပေမယ့်လည်း ဟိန်းဝေယံက ညီမလေးရဲ့ အနုပညာလမ်းကြောင်းအပေါ်ကိုတော့ သူသိသလောက် အကြံပေးမယ်လို့ ဆိုပါတယ်။

‘’အကယ်၍ သူလုပ်ဖြစ်တယ်၊ ကျွန်တော်လည်း အထိုက်အလျောက်တော့ပြောတယ်၊ ဒါပေမယ့် သူ တကယ်လုပ်တော့မယ်ဆိုရင်တော့ အစ်ကိုတစ်ယောက်အနေနဲ့ရော၊ စီနီယာတစ်ယောက် ဖြစ်လာမယ့်သူအနေနဲ့ရော၊ ကျွန်တော် သိသလောက်၊ တတ်သလောက် ကူညီပေးမှာပါ။ အကြံဉာဏ်ပေးဖြစ်မှာပါ’’ဆိုပြီးတော့ မေလ ၁၂ ရက်နေ့က ဟိန်းဝေယံရဲ့ မွေးနေ့ မှာ ဖြေဆိုခဲ့တာပါ။

မောင်နှမ နှစ်ယောက်အတူတွဲပြီး အနုပညာအလုပ် လုပ်ဖို့ကိုလည်း စီစဉ်ဖို့ ရှိတယ်လို့ ဟိန်းဝေယံက ပြောပါတယ်။ လက်ရှိမှာတော့ သူဟာ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေရိုက်နေတာကို တွေ့ရပါတယ်။

‘’ကျွန်တော်နဲ့လည်း ကားရိုက်တွေဘာတွေ စီစဉ်ဖြစ်ရင်လည်း စီစဉ်ဖြစ်မှာပေါ့နော်။ ဒါပေမယ့် အဲဒါက မောင်နှမဇာတ် ဖြစ်ရင်လည်း ဖြစ်မယ်။ ဒါမှ မဟုတ် something တစ်ခုခုပေါ့။ ဒီလို ပုံစံလေးတွေလည်း လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကား တွေကနေတဆင့် ပရိသတ်တွေ အားပေးမှုရရှိခဲ့တာပါ။ အဲဒီနောက် အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်ရတာဖြစ်ပြီး အခုဆိုရင် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မကြာခင်မှာလည်း သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က