ဂုဏ်ထူး တစ်ဘာသာကို တစ်သိန်း ဆုပေးပါတယ်။
Sabal Thwin

ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားတွေရဲ့ သားသမီးတွေမှာ ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဂုဏ်ပြုဆု ချီးမြင့်ခဲ့တာ တွေ့ရပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားများရဲ့ သားသမီးတွေထဲကမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စက်တင်ဘာလ ၃ ရက်နေ့မှာ ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ အစဉ်အလာကလည်း ကြာပြီလို့ ဒုဥက္ကဌ ဦးအေးကြူလေးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ရုပ်ရှင်အစည်းအရုံးက သတ်မှတ်ထားတာက ဂုဏ်ထူး တစ်ဘာသာကို တစ်သိန်းပေးတယ်။ ဒီနှစ်က ဂုဏ်ထူးလည်း နည်းတယ်။ ၃ ဘာသာအများဆုံးရတယ်ဆိုတော့ ၃ သိန်းပေါ့။ ဒီလို ဆုပေးနိုင်ဖို့အတွက် ၂၀၀၅-၂၀၀၆ လောက်တုန်းက ပညာရည်ချွန်ဆုပေးပွဲဆိုပြီးတော့ ကော်မတီဖွဲ့ခဲ့တယ်။ အဖွဲ့က အခုဆို ၁၄ နှစ်၊ ၁၅ နှစ်လောက်ရှိပြီ’’ လို့ ဆိုပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို လူကြမ်းသရုပ်ဆောင် ကိုအံ့မင်း နဲ့ မစမ်းစမ်းဝေ တို့ရဲ့ သားဖြစ်သူ မောင်ဇော်နိုင်ထွန်းကတော့ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။

‘’ သားလေး ၁၀ တန်းနှစ်မှာ အလုပ်အကိုင်တွေကလည်း ပါးသွားခဲ့တယ်။ အပြင်စီးပွားရေးကလည်း မလုပ်တတ်တော့ ကလေးတွေ ပညာရေးဘက်ကို အပြည့်အစုံ မထောက်ပံ့နိုင်ခဲ့ဘူး။ အဲဒီကြားထဲကမှ ဂုဏ်ထူးထွက်အောင် စာကြိုးစားပေးခဲ့တဲ့ သားလေးကို ကျေးဇူးတင်ပါတယ်။ ကိုယ်တွေရဲ့ ပံ့ပိုးမှုလေးကိုလည်း အခုလို အရာထင်သွားတဲ့အတွက် ပီတိဖြစ်မိပါတယ်’’ လို့ လူကြမ်းသရုပ်ဆောင် ကိုအံ့မင်းက ပြောခဲ့ပါတယ်။

အဲဒီနောက် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မာန် ရဲ့ သားဖြစ်သူ အထင်ကရ ကလည်း ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၃ ဘာသာနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

‘’ ကျွန်တော်ကတော့ ဂုဏ်ထူး ၃ ဘာသာနဲ့ ရရှိခဲ့တာပါ။ ဓာတု၊ ရူပ၊ ဇီဝဗေဒ ဘာသာရပ်တွေနဲ့ ရရှိခဲ့တာပါ။ ၁၀တန်းတုန်းက ဘော်ဒါမှာပဲ တစ်နှစ်ပတ်လုံး အိပ်ချိန် ၅ နာရီပဲယူပြီး ကျန်တဲ့အချိန်တွေမှာ စာကိုကြိုးကြိုးစားစား သင်ယူခဲ့ရတယ်။ အဲဒီအထဲမှာမှ နားချိန်ကို အကန့်အသတ်နဲ့ ခွဲခဲ့ရတာပေါ့။ စာမေးပွဲမှာ ဂုဏ်ထူးမှန်းထားတာတော့ ၅ ဘာသာ မှန်းခဲ့တာပါပဲ။ ၂ ဘာသာပြုတ်သွားတယ်’’ ဆိုပြီးတော့လည်း စက်တင်ဘာလ ၁ ရက်နေ့က အနုပညာလောကသားများရဲ့ သားသမီးတွေထဲကမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူတွေကို ဆုချီးမြင့်တဲ့ အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာတော့ လက်ရှိ ဥက္ကဌရာထူးကို အကယ်ဒမီ သရုပ်ဆောင် ဦးဇင်ဝိုင်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူူးချွန်ချွန် အောင်မြင်ခဲ့ကြတဲ့ အနုပညာလောကသားများရဲ့ သားသမီးတွေကို ဆုချီးမြင့်ပေးခဲ့တာကလည်း ၁၄ နှစ်၊ ၁၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်အစည်းအရုံးဟာ စက်မှုအလွှာ၊ တည်းဖြတ်အလွှာ၊ သရုပ်ဆောင်အလွှာ၊ ဇာတ်ညွှန်းအလွှာ၊ဇာတ်ပို့ဇာတ်ရံအလွှာ အပြင် နောက်ထပ် အလွှာအသီးသီးတို့မှ အနုပညာလောကသားများထဲမှာမှာ ကျန်းမာရေးချိူ့တဲ့နေတဲ့ အနုပညာရှင်တွေကို ထောက်ပံ့ငွေများလည်း လှူဒါန်းခဲ့ဖူးတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က