မိသားစုတွေ အတူတူကြည့်သင့်တယ်။

နာမည်ကျော် အနုပညာရှင်များစွာပါဝင်ထားတဲ့ ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၂၆ ရက်နေ့ ဆိုရင် ရုံတင်ပြသတော့မှာပါ။ ဒါကြောင့် ဒီဇာတ်ကားကို မိသားစုတိုင်း၊ လူငယ်တိုင်း က ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်ဆိုတာကိုလည်း ပါဝင်သရုပ်ဆောင်ထားသူတွေက အခုလို ပြောပြလာပါတယ်။

Photo: ရှေ့သွားနောက်လိုက်



‘’ရှေ့သွား နောက်လိုက်’’ရုပ်ရှင်ကားကြီး အထူးပြသပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ မိသားစုတိုင်း၊ လူငယ် အိမ်ထောင်ရှင်တိုင်း ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဆိုလည်း မမှားပါဘူး။ မိဘမေတ္တာဖွဲ့ ဇာတ်ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်သူကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ အကြောင်းအရာတွေကို ပုံဖော်ပြီးရိုက်ကူးထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီဇာတ်ကားထဲမှာတော့ လူငယ်တွေ အလျှောက်ပျော်တဲ့ ကိစ္စလေးတွေ များသွားတာရှိမယ်။ အဲဒီအချိန်မှာ ကိုယ့်မိဘတွေကို မေ့လျော့တာလေးတွေရှိမယ်လို့ တွေးမိတယ်။ အဲဒါလေးတွေကို ပြန်ပြီးတော့ သတိရသွားစေချင်တယ်။ ကိုယ့်ရဲ့မိဘ နှစ်ပါးကို အနီးအနားမှာနေပြီး ဂရုစိုက်စေချင်တယ်။အဲဒီအရာလေး တစ်ခုနဲ့ ဒီ ဇာတ်ကားလေးကို ရိုက်ဖြစ်သွားတာပါ’’ လို့ ဆိုပါတယ်။

Photo: ရှေ့သွားနောက်လိုက်

အဲဒီနောက် သရုပ်ဆောင်မိုးပြည့်ပြည့်မောင်ကလည် ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းမော်ကွန်းရဲ့ ဇနီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ ကာရိုက်တာ အကြောင်းလေးကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပြောပြခဲ့ပါသေးတယ်။

‘’ ဒီဇာတ်ကားလေးကို ကြည့်လိုက်တဲ့အချိန်မှာ ပြင်သင့်တာတွေရှိတယ်။ ကိုယ်ချင်းစာတရားတွေရှိလာတယ်၊ နားလည်မှုတွေအပြည့်ရှိတယ်ဆိုတာကို ဒီဇာတ်ကားက သင်ပေးလိုက်တယ်။ မိုးပြည့်ကာရိုက်တာဆိုရင် ချွေးမဆိုး တစ်ယောက်၊ ဘာကြောင့် ချွေးမဆိုးဖြစ်တာလဲ ဆိုရင် ကိုယ်ချင်းစာပြီး နားလည်ပေး သိတတ်မယ်၊ ယောက္ခမကို မိဘအရာ ထားမယ်ဆိုရင် ဒါတွေက မဖြစ်လာသင့်တာတွေ ယောက္ခမဆိုတာကိုလည်း ဒီလို မလုပ်သင့်ဘူးဆိုတာကို ပညာပေးထားတဲ့ ဇာတ်ကားပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်က ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: ရှေ့သွားနောက်လိုက်

ပရိသတ်အချစ်တော် မင်းသားချောလေး အလင်းရောင်ကလည်း ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ရွှေသမီးနဲ့ အတွဲ ပုံစံမျိုးလေး သရုပ်ဆောင်ထားတာပါ။ သူ့ရဲ့ ကာရိုက်တာကလည်း မိသားစုဝင်တွေထဲမှာ အငယ်ဆုံး သားတစ်ယောက်အဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

‘’ ဒီဇာတ်ကားက 3 Girls ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်မှ ဆက်တိုက်ဆိုသလို ဦးဆာမိနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်တဲ့ အချိန်မှာ ဒုတိယမြောက်ဇာတ်ကားပေ့ါ။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က အငယ်ဆုံးသား၊ ပြီးတော့ လိမ္မာတယ်၊ စာကြိုးစားတယ် ဆိုတဲ့ ကောင်လေးတစ်ယောက်ပါ’’ လို့ သူကဆိုပါတယ်။

Photo: ရှေ့သွားနောက်လိုက်

‘’ရှေ့သွား နောက်လိုက်’’ ရုပ်ရှင်ဇာတ်ကားထဲမှာ နောက်ထပ်ပါဝင်သရုပ်ဆောင်ထားတဲ့ သူကတော့ သရုပ်ဆောင် နေမင်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲကနေ ပရိသတ်တွေ သိရှိလာနိုင်မယ့် သင်ခန်းစာတွေကိုလည်း သူက ပြောပြခဲ့ပါတယ်။

‘’ ဒီဇာတ်ကားကတော့ အခုလက်ရှိခေတ်မှာ ချွေးမ ဘက်ကကြည့်ပြန်ရင်လည်း သူ့ အမှန်တရားနဲ့ သူရှိတယ်၊ ယောက္ခမ ဘက်က ကြည့်ရင်လည်း သူ့ အမှန်တရားနဲ့ သူရှိတယ်။ ဒါကြောင့် လာ အားပေးကြတဲ့ သူတွေက မိသားစုအလိုက် လာကြည့်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ရင်ထဲက ပြောချင်တဲ့ စကားတွေကို ဒီဇာတ်ကားလေးထဲကနေ ပြောပေးနိုင်လိမ့်မယ်။ အမှန်တရားတွေလည်း မြင်နိုင်လိမ့်မယ်။ အတွေး တွေကိုလည်း တစ်ခါတည်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: ရှေ့သွားနောက်လိုက်

‘’ရှေ့သွား နောက်လိုက်’’ရုပ်ရှင်ဇာတ်ကားကြီးကို မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ စက်တင်ဘာလ ၂၆ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ အလင်းရောင်၊ ထွန်းအိန္ဒြာဗိုလ်၊ ခင်ဇာခြည်ကျော်၊ မိုးပြည့်ပြည့်မောင်၊ သွန်းဆက်၊ ရွှေသမီး နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က