ဆေးကောင်းကောင်းတွေပေးလိုက်ပေမယ့် ဆေးဖိုး သိပ်မတောင်းတတ်ဘူး။

ခိုင်ထူးသာကတော့ ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း ဆရာဝန် ကာရိုက်တာလေးတွေရိုက်ချင်တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ပရဟိတ ဆရာဝန်တစ်ယောက်ဖြစ်နေရတဲ့အကြောင်းအရင်းကို ပြောပြလာပါသေးတယ်။

Photo: Khaing Htoo Thar



ခိုင်ထူးသာကိုတော့ “ဥပါဒါန်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲက ရဟန္တာတစ်ပါးရဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုလည်း “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီးမှာ ရဟန္တာ ကာရိုက်တာအဖြစ် မြင်ရဦးမှာပါ။ ဒီ ဇာတ်ကား ၂ ကားရိုက်ပြီးတဲ့နောက်မှာတော့ ရဟန်းကာရိုက်တာတွေကို ထပ်မရိုက်တော့ပဲ ဆရာဝန် ကာရိုက်တာလေးတွေရိုက်ချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ရဟန်းကာရိုက်တာမဟုတ်ပဲ လူကာရိုက်တာအနေနဲ့ ပရိသတ်ကို ဆရာဝန်ကာရိုက်တာ ချပြချင်တယ်။ ပြီးတော့ မြန်မာဆန်တဲ့ဟာ တစ်ခုခုပေါ့။ ဆရာဝန်ကာရိုက်တာဆိုတာကလည်း ကျွန်တော် အပိုင်နိုင်ဆုံးအရာတစ်ခုကို ပေးဆပ်တာပေါ့နော်။ လူနာတွေရဲ့ အဖြစ်အပျက်တွေက ဆရာဝန်နဲ့တွေ့တဲ့အခါမှာဖြစ်ပေါ်တတ်တာလေးတွေကို ရေးထားတဲ့ ဝတ္ထုတွေလည်းရှိတယ်။ အဲဒါလေးတွေကို ပြန်ရိုက်ချင်တာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khaing Htoo Thar

ခိုင်ထူးသာဟာ အပြင်လောကမှာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဆရာဝန်တစ်ယောက်မဟုတ်ပဲ ပရဟိတနဲ့သက်ဆိုင်တဲ့ ဆရာဝန်ပဲ လုပ်လို့ရမယ်လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

“ ဆရာဝန်ထဲမှာဆိုရင် ကျွန်တော်က စီးပွားရေးမဆန်တဲ့ ဆရာဝန်တွေထဲမှာပါတယ်။ ကျွန်တော်က ဆေးခန်းတစ်ခုမှာထိုင်လိုက်ပြီဆိုရင် အဲဒီက ဆေးခန်းပိုင်ရှင်ဆရာဝန်က ပြောတယ် ကျွန်တော့်ကို တစ်ပတ်လောက် လွှတ်ထားလိုက်ရင် သူတို့ မွဲပြီတဲ့။ လူနာတစ်ယောက်ရောက်လာရင် သူ့ရဲ့ သုံးနိုင်တဲ့ ပိုက်ဆံကို ကျွန်တော်မတွက်တတ်ဘူး။ ဒါပေမယ့် ကျွန်တော်ပေးချင်တဲ့ ဆေးကိုပဲ အကောင်းဆုံးပေးလိုက်တဲ့အခါမှာ သူက အဲဒီဆေးဖိုးကို မပေးနိုင်ဘူး။ ပြသနာအမြဲတမ်းတက်တယ်။ အဲဒီတော့ ပရဟိတ ဆေးခန်းပဲ သွားထိုင်လိုက်တယ်” လို့ သူကဆိုပါတယ်။

Photo: Khaing Htoo Thar

ခိုင်ထူးသာကိုတော့ “ရှင်ဥပဂုတ္တ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရဟန္တာ တစ်ပါးအဖြစ် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ ဘာသာရေးအကျိုးပြု ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ထုတ်လုပ်ထားတာကတော့ ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သရုပ်ဆောင် ရန်အောင်၊ရဲအောင်၊ နေမျိုးအောင်၊ ဝါဇင်၊ ခိုင်ထူးသာ၊ ဝါဝါဝင်းရွှေ၊ ဆုပန်ထွာနဲ့ လီလီကျော်ခိုင်တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီးကို ဝါဝါဝင်းရွှေကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က