ဆေးစက်ကျရာ အရုပ်ထင်မယ့် သရုပ်ဆောင်ဖြစ်ချင်တာပါ။
Sabal Thwin

မြနှင်းရည်လွင်ဟာ ပရိသတ်အားပေးမှု ရရှိလာပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူမဟာ အနုပညာလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းလာတဲ့အချိန်မှာတော့ မင်းသမီးတစ်ယောက်ဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားမယ်လို့ဆိုပါတယ်။

Photo: Mya Hnin Yee Lwin

မြနှင်းရည်လွင်က အခုချိန်မှာ ‘’ငွေစက္ကူ ၇ ရွက်’’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု အများကြီးရရှိလာတဲ့ မင်းသမီးတစ်ယောက်ပါ။ ဒါပေမယ့် သူမဟာ သူ့ကိုယ်သူတော့ မင်းသမီး တစ်ယောက်အဖြစ် သတ်မှတ်မထားဘူးလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’အစ်မကလေ အခုမှ စတတ်လာတော့ တစ် က ပြန်စပြီး ပြန်လုပ်တဲ့ပုံစံမျိုးဖြစ်နေတော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် မင်းသမီးတစ်ယောက်လို မခံယူရဲဘူး။ ဘယ်သူ့မှလည်း မပြောဘူး။ အစ်မကို အားလုံးကလည်း လက်တွဲခေါ်ကြတယ်ပေါ့နော်။ နောက်တစ်ခုက အစ်မက အနုပညာလောကထဲမှာ ဘယ်သူနဲ့မှ ပြဿနာမရှိဘူး။ အဲဒီတစ်ခုတော့ အရမ်းအဆင်ပြေတယ်။ ကိုယ်က ပြောင်ချော်ချော်ဆိုတော့ အားလုံးနဲ့ အဆင်ပြေတယ်။ အစ်မက အပြင်မှာနေလည်း ပုံမှန်ပဲ ကိုယ့်ကိုယ်ကိုယ် မင်းသမီးတစ်ယောက်လို မသတ်မှတ်တော့ ငါ သရုပ်ဆောင်၊ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်သွားမယ်ပေါ့။ ကိုယ်လည်း နေရာတစ်ခု အခြေကျပြီဆိုမှ တစ်ခုခု သတ်မှတ်လို့ရမှာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Mya Hnin Yee Lwin

မြနှင်းရည်လွင်ဟာ ဇာတ်လမ်းတွဲ တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်လာရပြီဖြစ်ပါတယ်။ ‘’ငွေစက္ကူ ၇ ရွက်’’ရုပ်သံဇာတ်လမ်းတွဲမှာတော့သူမက ဝေနှင်းဖြူ ဆိုတဲ့ ကောင်မလေးရဲ့ ကာရိုက်တာနဲ့ အိမ်ထောင်ရှိ အမျိုးသားတစ်ဦးရဲ့ အငယ်အနှောင်း အမျိုးသမီး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။ ဒီကာရိုက်တာဟာ ပရိသတ်တွေရဲ့ ပြောဆိုဝေဖန်မှုကို ရရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့် နှစ်သက်အားပေးမှုများစွာရရှိခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်တဲ့။

‘’ဝေနှင်းဖြူကိုတော့ ပရိသတ်တော်တော်များများက လက်ခံကြတယ်။ ဒါပေမယ့် ဇာတ်သိမ်းကိုတော့ အားမရလိုက်ဘူးဆိုပြီးတော့ ဝေဖန်လာကြတာလေးတွေရှိတယ်။ ဒါတွေကတော့ နောက်ပိုင်းမှာ အကုန်လုံး သတိထားရမှာပေါ့နော်။ အစ်မကို ဝေဖန်တာတွေဆိုရင်လည်း ဘာကြောင့် အငယ်အနှောင်း ကာရိုက်တာကို ကြိုက်ကြတာလဲပေါ့နော်။ ပရိသတ်တွေက ခေတ်မီလာတော့ သဘာဝဆန်တာတွေ ပိုကြိုက်လာကြတယ်။ အစ်မရဲ့ နဂိုပုံစံကိုက စကားပြောတာ လေးတဲ့သူဆိုတော့ အဲဒါလေးတွေ ပြင်လာရတယ်။ ပရိသတ်အကြိုက်ကို ကြည့်ပြီး ပြင်လာတာပေါ့နော်။ ပရိသတ်တွေရဲ့ Comment တွေကနေ Feedback တွေကနေတဆင့် ပြင်သင့်တာ၊ သူတို့ ကြိုက်တာလေးတွေကို ပြင်ဖြစ်ခဲ့တယ်’’ လို့ ဆိုပါတယ်။

Photo: Mya Hnin Yee Lwin

သူမဟာ အနုပညာရှင်တစ်ယောက်ဆိုပေမယ့် မာန်မာန မရှိတဲ့ မင်းသမီးတစ်ယောက်ပါ။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တာကြောင့်လည်း ပိုချစ်ကြတဲ့ ပရိသတ်က များပါတယ်။ ဒါတွေကြောင့် တစ်ခါတလေမှာ သူ့ကိုယ်သူ မင်းသမီးဆိုတာကိုတောင် မေ့သွားရလောက်အောင်ပါပဲတဲ့။

‘’ အစ်မရဲ့ အကျင့် တစ်ခုပေါ့နော်။ အစ်မက တစ်ခါတလေမှာ Celebrity ဆိုတဲ့ ပုံစံမျိုးကို မေ့တဲ့အခါကျတော့ ကိုယ်က အခုချိန်မှာ သရုပ်ဆောင်လောက်ပဲ ထားထားသေးတာ။ မင်းသမီးဆိုရင်လည်း ကိုယ်က အပြင်မှာ မပြင်မဆင်နဲ့သွားရင် ဟဲ့..အဲဒါလား မင်းသမီးဆိုပြီးတော့ အပြောခံရမှာအရမ်းကြောက်တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားလိုက်တော့ တစ်ခုခု အပြောခံရလည်း ဘာမှမဖြစ်ဘူးပေါ့နော်။ အစ်မရဲ့ ခံယူချက်ကတော့ ဆေးစက်ကျရာ အရုပ်ထင်တဲ့ သရုပ်ဆောင် ကောင်း တစ်ယောက်၊ လှလှပပ အရာတွေရော၊ ကြမ်းကြမ်းတမ်းတမ်းရော သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာ’’ လို့ မြနှင်းရည်လွင်က ပြောပါတယ်။

Photo: Mya Hnin Yee Lwin

သရုပ်ဆောင်မြနှင်းရည်လွင်(Mya Hnin Yee Lwin)ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်းတွေမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း MRTV-4 ရုပ်သံဇာတ်လမ်းတွဲနဲ့ အတူ ‘’အခန်းနံပတ် ၁၈’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ ‘’မာယာလှည့်ကွက်’’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲတို့ကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က