သူတို့ ဘာတွေ လိုအပ်တယ်ဆိုတာ အစ်ကိုက သိပြီးသားပါ။

ဘုန်းလျှံဟာ အကျဉ်းကျခဲ့တုန်းက နှစ်အတော်ကြာနေခဲ့ရတဲ့ သာယာဝတီ ထောင် က အကျဉ်းသူ၊ အကျဉ်းသားတွေ အတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးချင်တယ်လို့ ဆိုပါတယ်။ 

Photo: Bhone Hlan



ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခဲ့စဉ်က သာယာဝတီထောင်မှာ နှစ်အကြာကြီး နေခဲ့ရသူတစ်ယောက်ပါ။ဒါကြောင့် အကျဉ်းသူ၊ အကျဉ်းသားတွေအတွက် အလှူအတန်းတွေ သွားလုပ်ချင်တယ်လို့ Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ ကိုယ် ထောင်ထဲမှာ နေခဲ့ရတုန်းက ကိုယ်က နိမ့်ကျတဲ့ ဘဝကို ရောက်ခဲ့တာပါ။ အဲဒီတုန်းက အပြင်ကနေ လာလှူတာတို့ ၊ ထမင်းလာကျွေးတာတို့ဆိုရင် အစ်ကိုတို့ စိတ်ထဲ၊ ရင်ထဲမှာ တကယ်ကို ဝမ်းသာပီတိ ခံစားရတယ်။ အဲဒီ ပီတိမျိုးကို အစ်ကိုက တစ်ပါးသူကို ပြန်ပေးတာပါ။ ဘဝတူ အကျဉ်းသူ၊ အကျဉ်းသားတွေ အတွက် အစ်ကို စဉ်းစားထားတာလေးတွေရှိတယ်။ အခုချိန်မှာ သွားလှူလို့ မရသေးဘူး။ သာယာဝတီ ထောင် ကိုလည်း အစ်ကို သွားလှူဦးမှာ။ အဲဒီမှာ နှစ်နဲ့ချီ နေခဲ့ရတာဆိုတော့ ဘာတွေ လိုအပ်တယ်ဆိုတာ အစ်ကိုက သိပြီးသား။ ဘယ်လိုအရာကို လှူမယ် ဆိုရင် သူတို့ ဝမ်းသာမလဲဆိုတာ သိပြီးသား ။ အစ်ကို ကျိန်းသေ သွား လှူဦးမှာပါ” 

Photo: Bhone Hlan

ဘုန်းလျှံဟာ ထောင်က ထွက်လာပြီးတဲ့အချိန်မှာ အလှူအတန်းတွေ၊ ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ မျှော်လင့်ချက်ထားပြီး အလှူတွေလုပ်နေတာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ 

“ ကိုယ်က ပြည့်စုံတဲ့လူ၊ ချမ်းသာတဲ့သူလည်း မဟုတ်ပါဘူး။ အခုထိ အလုပ်တောင် ဘာမှ မလုပ်ရသေးဘူး။ ဒါပေမယ့် ထိုင်နေရင်းနဲ့ ဘာလုပ်မလဲလို့ စဉ်းစားမိတော့ အကျိုးရှိတာ တစ်ခုခုတော့ လုပ်ချင်တဲ့ ဆန္ဒဖြစ်တယ်။ ကိုယ် ထောင်ထဲမှာ နေခဲ့တုန်းကလည်း ထိုင်နေရင်းနဲ့ ကိုယ့်အတွက်အကျိုးရှိတာလေးတွေ လုပ်တယ်။ အခုဆိုရင် အလှူတွေလုပ်တယ်ဆိုတာကလည်း ကိုယ်မတောင်းပဲနဲ့ ပြည့်တဲ့ ကုသိုလ်ဖြစ်သလို တစ်ပါးသူရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ အလှူလုပ်ရင်း ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေလို့ မမျှော်လင့်ဘူး တူသော အကျိုးရပါစေလို့ပဲ ဆုတောင်းတယ်” လို့ ဆိုပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က