အနုပညာအပေါ် သူ့ရဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်။

ကျော်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Kyaw Kyaw



သရုပ်ဆောင် ကျော်ကျော်ဟာ ဗီဒီယို ဇာတ်ကားတွေအောင်မြင်ခဲ့စဉ်ကတည်းက သရုပ်ဆောင် တစ်ယောက် အနေနဲ့ အနုပညာလောကထဲရောက်ရှိလာတာ ဖြစ်ပါတယ်။ ဗီဒီယို တစ်ခေတ်မှာ ဇာတ်ကားတွေ ရိုက်ခဲ့ရတုန်းက အတွေ့အကြုံတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အရင်တုန်းက ဗီဒီယိုခေတ်ဆိုတော့ ဗီဒီယို ရိုက်မှသရုပ်ဆောင်ဆိုတဲ့ အလုပ်ကို လုပ်လို့ရတာ။ ဒီဗီဒီယို လောကထဲကို ဝင်လာတဲ့ အခါမှာ ဒါရိုက်တာ ပေါင်းစုံ၊ သရုပ်ဆောင် ပေါင်းစုံ၊ ပတ်ဝန်းကျင်ပေါင်းစုံနဲ့ တွေ့ရတယ်။ အဲဒီအတွက် အတွေ့အကြုံတွေ အများကြီးရတယ်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေနဲ့လည်း တိုက်ရိုက် ထိတွေ့ခွင့်ရတယ်။ ကိုယ်က ဇာတ်ကားတစ်ကားမှာ ဝင်သရုပ်ဆောင်ရင် အဲဒီမှာ ဒါရိုက်တာက ကိုယ့်ကို သင်ပေးတယ်၊ တွဲဖက်သရုပ်ဆောင်ရတဲ့ စီနီယာတွေကလည်း သင်ပေးတယ်။ ဒီတော့ သရုပ်ဆောင် ပညာရပ်နဲ့ ပတ်သက်ပြီး အများကြီး သင်ခွင့်ရခဲ့တယ်” လို့ ဆိုပါတယ်။ 

Photo: Kyaw Kyaw

ကျော်ကျော်ရဲ့ အနုပညာသက်တမ်းကတော့ (၁၀) စုနှစ် တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ လက်ရှိအချိန်ထိ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်သလို အနုပညာအပေါ် ထားတဲ့ သူ့ရဲ့ ခံယူချက်ကို အခုလို ပြောပြလာပါတယ်။ 

“ အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ခံယူချက်ကတော့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာထက် သရုပ်ဆောင် လုပ်နေရရင် ဘဝက ပြည့်စုံတယ်လို့ ခံစားရတယ်။ ဒီစိတ်နဲ့ပဲ သရုပ်ဆောင် အလုပ်ကို စွမ်းစွမ်းတမံ လုပ်နေခဲ့တာပါ။ လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းကရော၊ နောက်လာမယ့် (၁၀) နှစ်မှာရော ဒီအတိုင်းပဲ လုပ်နေဦးမှာပါ။ ကိုယ့်နောက်မှ ပေါ်လာပြီး ကျော်တက်သွားတဲ့သူတွေလည်း ရှိသလို၊ ပျောက်သွားတဲ့သူတွေလည်း အများကြီးရှိတယ်။ ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့ အနုပညာအလုပ်ကို သေတပန် သက်တဆုံး လုပ်ဖို့ တွေးထားတာ ဖြစ်တဲ့အတွက် မှန်မှန်လျှောက်ဖို့ပဲ ခံယူချက် ထားထားပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Kyaw Kyaw

ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ 5 Plus Channel က ထုတ်လွှင့်နေတဲ့ "လူးလူးစိန်" ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ကျော်ကျော်ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ် အရှေ့ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က