ဇာတ်ကားမရိုက်ရင် ငတ်သွားမယ့်သူတွေလည်း အများကြီးပါ။

နေထူးနိုင်ကတော့ အခက်အခဲတွေရှိတဲ့ကြားက ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။ ဗီဒီယိုဇာတ်ကားတွေ အားပေးတဲ့ပရိသတ်ရှိသလို ဒီဗီဒီယိုလောကကို မှီခိုနေရတဲ့သူတွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။

Photo: Nay Htoo Naing



သရုပ်ဆောင် နေထူးနိုင်ကတော့ ဗီဒီယိုဈေးကွက် ပျက်နေပြီဆိုပေမယ့်လည်း သူကတော့ ဗီဒီယိုဇာတ်ကားတွေကို ပုံမှန်အတိုင်းရိုက်ကူးနေတယ်လို့ ဆိုပါတယ်။ ဒီနေ့အချိန်ထိလည်း ဗီဒီယိုဇာတ်ကားတွေကို အားပေးတဲ့ ပရိသတ်တွေရှိနေတုန်းပဲလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော်ကတော့ ပိုက်ဆံရရ မရရ၊ ကောင်းကောင်း မကောင်းကောင်း သေချာတာတော့ ကျွန်တော့်ကို ကြည့်တဲ့ ပရိသတ် ရှိနေသေးသ၍ ကျွန်တော်ကတော့ ရိုက်မှာပဲ။ ကျွန်တော်တို့ နိုင်ငံမှာ မီးမရတဲ့ ရွာတွေ အများကြီး ကျန်သေးတယ်။ သူတို့က တစ်နေကုန် ဆိုလာအားသွင်း ညကျမှ ခေါက် TV လေးနဲ့ ကြည့်တဲ့ ပရိသတ်တွေ အများကြီးကျန်ပါသေးတယ်။ သူတို့ရတဲ့ တစ်နေ့စာနဲ့ ရုပ်ရှင်ရုံတွေမှာ လာမကြည့်နိုင်ဘူးလေ။ သူတို့အတွက် အပန်းဖြေစရာက ဗီဒီယိုဇာတ်ကားတွေပဲရှိတာ။ လူအများကြီးအတွက် မလုပ်ပေးနိုင်ရင်တောင်မှ လူအနည်းစုအတွက် အမြဲတမ်းကြိုးစားတယ်’’ လို့ ဆိုပါတယ်။

Photo: Nay Htoo Naing

ဗီဒီယိုဇာတ်ကားတွေကို မှီခိုပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရတဲ့လူတွေလည်းရှိတယ်လို့ နေထူးနိုင်ကပြောပါတယ်။

“ကျွန်တော် ဇာတ်ကားတစ်ကားရိုက်ပြီဆိုရင် ကျွန်တော့်အနောက်မှာရှိတဲ့ လူ ၅၀ စာလောက် ထမင်းစားရတယ်။ ကျွန်တော့်ဇာတ်ကား ကောင်းတယ်၊ မကောင်းဘူး၊ ငပေါကားလို့ပဲ ပြောပြော၊ ဒီကောင် ဘယ်လိုရိုက်တယ်ပဲပြောပြော သေချာတာ တစ်ခုကတော့ ကျွန်တော် ဇာတ်ကားရိုက်ရင် နောက်က လူ ၅၀ လောက်က ထမင်းစားရတယ်။ ဇာတ်ကားမရိုက်ရတော့ရင် သူတို့ ထမင်းငတ်မှာပဲ။ နှစ် ၂၀ လောက် အနုပညာအလုပ်ပဲ လုပ်လာတာဖြစ်တဲ့အတွက် နောက်အလုပ်တစ်ခုပြောင်းဖို့ဆိုတာ ကျွန်တော်တို့မှာ အချိန်လည်း မရှိတော့ဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညက “ရပ်ကျော်ရွာကျော်”ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nay Htoo Naing

နေထူးနိုင် ကိုယ်တိုင်ကလည်း ဗီဒီယိုဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးဖြစ်နေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဒါကလည်း အရမ်းကို ခက်ခဲတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့မှာလည်း ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရတာ။ ပြောရရင် မုန့်လုံး စက္ကူကပ်၊ ကျွန်တော်တို့အခုဇာတ်ကားတွေက Copy တွေထွက်ကုန်တယ်၊ ရောင်းအားမရှိတော့ဘူး၊ အဲဒီတော့ မင်းသားမင်းသမီး ဇာတ်ကားမရိုက်ရတော့ဘူး။ ဇာတ်ပို့ဇာတ်ရံတွေလည်းမရိုက်ရတော့ဘူး။ ပိုဆိုးတာကတော့ မီးထိုး၊ မှန်ထိုးတွေပဲ။ သူတို့ဘက်ကလည်း ပြောမှာပေါ့ မင်းတို့က ကောင်းအောင်မှမရိုက်တာ ကိုယ်တွေကလည်း ကောင်းအောင်ရိုက်ချင်တယ်။ ပိုက်ဆံမှ မရတာလေ အဲဒီတော့ မုန့်လုံးကိုပဲ စက္ကူကပ်နေရတာ’’ လို့ ဆိုပါတယ်။

Photo: Aroma

နေထူးနိုင်ကိုတော့ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ လက်ရှိမှာလည်း အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီနောက် ချစ်ရတဲ့ ဇနီးချော မြသင်းချယ်နဲ့အတူ သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က