နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

တစ္ဆေငိုချင်း ဗီဒီယို ဇာတ်ကားကို ဗီဒီယို ဈေးကွက် ပြန်လည်အောင်မြင်လာစေဖို့ ရည်ရွယ်ချက် နဲ့ Sky Net Pay Par View အစီအစဉ်ကနေ ခြေလှမ်းအစပြုသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ကျော်ကျော်ဗို၊ မင်းဦး၊ မေသန်းနု နဲ့ ခင်ဝင့်ဝါတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။


တစ္ဆေငိုချင်း ဗီဒီယိုဇာတ်ကား မိတ်ဆက်ပွဲကို မတ်လ ၂၆ ရက်နေ့က M3 Food Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ Sky Net နဲ့ Bo Bo Production တို့က ပူးပေါင်းပြီး Sky Net Pay Par View အစီအစဉ်ကနေ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ဟာ ဗီဒီယိုလောက ပြန်လည်အသက်ဝင်လာဖို့အတွက် လမ်းကြောင်းသစ် တစ်ခုဖြစ်တယ်လို့ ပါဝင်ကြတဲ့ အနုပညာရှင်တွေက ပြောပါတယ်။

‘’ဒီ မီဒီယာ၊ ဒီ ပလက်ဖောင်းတစ်ခု ပေါ်လာတဲ့အတွက် အစ်ကိုတို့ကတော့ Welcomeပါ။ အစ်ကိုတို့ဆီမှာလည်း လူတွေ တကယ်ကြည့်နေတဲ့သူတွေရှိပါတယ်။ Iflix တို့ NetFlix တို့ ဆိုရင် ဒေါ်လာ ဘယ်လောက်ထည့်လိုက်ရင် တစ်လ လောက်ကြည့်လို့ရတယ်ပေါ့။ နိုင်ငံခြားမှာက ဒီလိုစနစ်ဖြစ်လာတာ ကြာပြီ။ အစ်ကိုတို့ ဆီမှာလည်း အခု စလုပ်နေပြီဆိုတော့ အစ်ကိုကတော့ ကြိုဆိုတယ်၊ နောက်ကျနေပြီလို့တောင် ထင်ပါတယ်’’ လို့ သရုပ်ဆောင် မင်းဦးက ပြောပါတယ်။ 


အဲဒီနောက် တစ္ဆေငိုချင်း ဗီဒီယို ဇာတ်ကားကို ကျော်ကျော်ဗို က လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ Sky Net Pay Par View အစီအစဉ်ကိုလည်း စိတ်ဝင်တစားရှိတယ်လို့ သူကဆိုပါတယ်။

‘’ လိုအပ်ချက်တစ်ခုအနေနဲ့ ပရိသတ်ကို ပြသမှုအားက လိုနေပါသေးတယ်။ မြို့နယ်တိုင်းမှာ ရုပ်ရှင်ရုံဆိုတာမရှိသေးပေမယ့် အိမ်တိုင်းမှာတော့ TV ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေက ဒီပလက်ဖောင်းတစ်ခုပေါ်ကနေ မြန်မြန်သွက်သွက်နဲ့ ပြန့်နိုင်မယ့် လမ်းကြောင်းတစ်ခုလို့လည်း ယုံကြည်ပါတယ်။ စိတ်ဝင်စားတဲ့အတွက်ကြောင့် ရိုက်ကူးဖြစ်တာပါ’’ လို့ မတ်လ ၂၆ ရက်နေ့က ‘’တစ္ဆေငိုချင်း’’ ဗီဒီယို ဇာတ်ကား ကန်တော့ပွဲမှာ ပြောခဲ့တာပါ။

ခင်ဝင့်ဝါ ကိုယ်တိုင်ကလည်း ဗီဒီယိုလောက ပြန်လည် ဦးမော့လာစေဖို့အတွက် ဒီဇာတ်ကားလေးကို ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကားမှာတော့ သူမက ဆိုက်ကို မေဂျာ တက်ရောက်နေသူဖြစ်ပြီး သရဲ၊ တစ္ဆေအကြောင်းတွေကို စိတ်ဝင်စားတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။

‘‘Sky Net Pay Par View နဲ့လည်း ပထမဆုံး လက်တွဲပြီး ရိုက်ကူူးတဲ့ ဇာတ်ကားလေးပါ။ ဗီဒီယို လောက အတွက် ၊ ဗီဒီယို ဈေးကွက်ကလည်း ပျက်သွားပြီ ဆိုတော့ ဒီဗီဒီယိုတွေ ပရိသတ်လက်ထဲကို ပြန်ရောက်လာနိုင်မယ်လို့ ညီမ ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရဲတကယ်ရှိလား၊ မရှိလား ဆိုတာကို စာတမ်းပြုစုနေတဲ့ ကောင်မလေး တစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သွားမှာပါ’’ လို့ သူကဆိုပါတယ်။



ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ မေသန်းနုကိုယ်တိုင်ကလည်း ဗီဒီယို ဈေးကွက် ကို အောင်မြင်စေချင်တဲ့ သူမရဲ့ ဆန္ဒကို ပြောပြလာပါတယ်။

‘’ မဆင့်ကတော့ စိတ်ဝင်စားတာက Sky Net နဲ့ Bo Bo Production တို့က ဗီဒီယိုဈေးကွက် လမ်းကြောင်းတစ်ခုကို ထိုးဖောက်မယ့် အစီအစဉ်ကို ကြိုဆိုတယ်။ ဒီအစီအစဉ် အောင်မြင်သွားရင် အလုပ်တွေလည်း ပိုများလာမယ်။ ပိုကောင်းလာမယ်ပေါ့နော်။ တချို့က ဗီဒီယိုနဲ့ ရပ်တည်တဲ့ အနုပညာရှင်တွေလည်း ရှိတယ်။ ဒီအစီအစဉ် အောင်မြင်လာပါစေလို့လည်း မဆင့်ကတော့ ဆုတောင်းပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Sky Net Pay Par View အစီအစဉ်ဟာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကြည့်ချင်သူများအနေနဲ့ Sky Net Pay Par View ငွေဖြည့်ကဒ် တစ်ကဒ်ကို ၁၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ကိုယ်ကြည့်ချင်တဲ့ မြန်မာ ဇာတ်ကားတွေကို အပြည့်အဝ ကြည့်ရှုခံစားနိုင်မယ့် အစီအစဉ်လို့ ဆိုပါတယ်။ 

တစ္ဆေငိုချင်း ဗီဒီယို ဇာတ်ကားကို ဒါရိုက်တာအဖြစ် စိုးမိုးက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် မင်းဦး၊ ကျော်ကျော်ဗို၊ မေသန်းနု နဲ့ ခင်ဝင့်ဝါ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်တွေအတွက်တော့ ဖျော်ဖြေမှု ရသကို အပြည့်အဝပေးနိုင်မယ့် ဇာတ်ကား တစ်ကားဖြစ်တယ်လို့ သိရပါတယ်။



က္က