loading...

loading...

loading...

နောက်ကျောကို ဓားနဲ့ထိုးတာတွေ၊ မထင်မှတ်ထားတဲ့အရာတွေ ကြုံခဲ့ဖူးတယ်။
Sabal Thwin

အိန်ဂျယ်လမုန်ကိုတော့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်အဖြစ် မမြင်စဖူး မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ သူမကိုယ်တိုင်အပြင်မှာ ကြုံတွေ့ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေနဲ့ သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ 

Photo: K Photography

အိန်ဂျယ်လမုန်ကိုတော့ ပရိသတ်တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ တွေ့ရဦးမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကို မေလအတွင်းမှာရိုက်ကူးမယ်လို့ သိရပါတယ်။ ဗီလိန်ဇာတ်ရုပ်ကို လက်ခံရိုက်ကူးလိုက်တဲ့ရည်ရွယ်ချက်ကို Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ 

“ ၃ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားမှာတော့ အပြင်က ဇာတ်ကောင်နဲ့ ကွဲထွက်မယ့် ကာရိုက်တာပေါ့။ ဗီလိန်ပုံစံမျိုးပါ။ ဗီလိန်ရိုက်မယ်ဆိုရင် ပရိသတ်တွေ မုန်းသွားမှာ ကြောက်ကြတယ်၊ အိန်ဂျယ်က မျက်နှာသစ်တစ်ယောက်ဖြစ်တဲ့အတွက် အများကြီးရွေးချယ်စရာမရှိဘူး။ ဒါပေမယ့် ကိုယ့်ကို လာကမ်းလှမ်းတဲ့ အနုပညာအလုပ်မှာ ပရိသတ်ကို ကောင်းကောင်းချမပြနိုင်တဲ့အရာမျိုးဆိုရင်တော့ ပယ်တယ်။ အခု ဗီလိန်ဇာတ်ရုပ်ကလည်း ပရိသတ်တွေကို ကောင်းကောင်းမွန်မွန် ချပြလို့ရမယ့် ကာရိုက်ဖြစ်လို့ လက်ခံလိုက်တာပါ” လို့ ဆိုပါတယ်။ 

Photo: Angel Lamung

အိန်ဂျယ်လမုန်ကိုတော့ ရုပ်ရှင်ဇာတ်ကား၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ အနေအေးတဲ့ ကောင်မလေး တစ်ယောက်အဖြစ် ပရိသတ်တွေ အမြဲတမ်းမြင်တွေ့နေကြဖြစ်ပါတယ်။ ဒါကြောင့် ဗီလိန် ဇာတ်ရုပ်ကိုလည်း အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ 

“ အိန်ဂျယ့်ကို လာကမ်းလှမ်းတဲ့သူတွေကလည်း မျက်နှာက ချိုချိုလေးဆိုတော့ ချစ်စရာကောင်းပြီးတော့ အနေအေးတဲ့ကောင်မလေး၊ ဆရာဝန်ကာရိုက်တာ၊ ယောကျ်ားကို ချစ်တာ၊ ချစ်သူကို ပေးဆပ်တာ၊ အဖြည့်ခံတာ ဒီကာရိုက်တာတွေပဲများတော့ ဗီလိန်ဇာတ်ရုပ်ကို လုပ်ကြည့်ချင်တယ်။ ကိုရီးယားဇာတ်ကားတွေထဲမှာဆိုရင် မျက်နှာလေးက အေးအေးလေးနဲ့ အတွင်းထဲမှာ ကောက်နေတဲ့လူတွေ အများကြီးရှိတယ်ဆိုတော့ ကိုယ်လည်း လုပ်ကြည့်မယ်ပေါ့နော်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကြုံခဲ့ဖူးတာဆိုတော့ သူတို့ဆီကနေ ကိုယ်က နမူနာယူရမှာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Angel Lamung

ဗီလိန်ဇာတ်ရုပ်ကတော့ အိန်ဂျယ်လမုန်အတွက် ပထမဆုံး သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ကတော့ သူမအတွက် အပြင်မှာ ကြုံတွေ့ခဲ့ရဖူးတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး အထောက်အကူ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဇာတ်ကားနာမည်ကိုတော့ သူမက မပြောပြခဲ့သေးပါဘူး။ 

“ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့သူတို့၊ ကိုယ့်အရင်းနှီးဆုံးပေါ့။ မျက်နှာကတော့ လုံးဝ မထင်ရပေမယ့် ကိုယ့်ကို ဒီလို လုပ်သွားတယ်ဆိုပြီးတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဒီဇာတ်ကားရိုက်ရင်တော့ အထောက်အကူဖြစ်မယ် ထင်ပါတယ်။ အိန်ဂျယ်ကိုယ်တိုင်လည်း ကြုံတွေ့ထားရတာဆိုတော့ သင်ခန်းစာတော်တော်ရသွားလို့လားလည်းမသိဘူး တော်တော်ကို စိတ်ဓာတ်ကျသွားခဲ့ရတာ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့က “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Angel Lamung

အိန်ဂျယ်လမုန်ကတော့ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ TV ကြော်ငြာတွေ အများကြီးရိုက်ကူးခဲ့တာတွေ့ရပါတယ်။ အသားဖြူဖြူ ၊ အရပ်မြင့်မြင့်၊ ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံစံလေးကတော့ မိန်းကလေးပရိသတ်တွေရော၊ ယောကျ်ားလေး ပရိသတ်တို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။ အဲဒီနောက် သူမက ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသမယ့် "အချစ်ဖြင့် လွမ်းစေ" ရုပ်ရှင်ကားကြီးထဲမှာလည်း အိန်ဂျယ်လမုန်က ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က