အရေးကြီးတဲ့အရာတွေ မမေ့စေဖို့ အခုလို ပြောပြလာပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ COVID-19 ကာကွယ်ဖို့အတွက် သူတို့ရင်ထဲက စကားတွေနဲ့ ပရိသတ်ကို ဂရုတစိုက်နေထိုင်ကြဖို့ အမှာစကားပါးခဲ့ပါတယ်။ 

Photo: Eaindra Kyaw Zin



လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး အထူးဂရုစိုက်ကြဖို့ အကယ်ဒမီသရုပ်ဆောင် မောင်နှံတွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က အခုလို ပြောပြခဲ့ပါတယ်။ 

“COVID-19 ပြဿနာတွေက တခြားနိုင်ငံတွေတင်မကပါဘူး။ ကျွန်တော်တို့ နိုင်ငံကိုပါ ရောက်ရှိလာပါပြီ။ ကျွန်တော်တို့မှာလည်း စိုးရိမ်တဲ့စိတ်၊ ကြောက်တဲ့ စိတ်တွေရှိပါတယ်။ ဒီလိုစိတ်တွေနဲ့ ဒီကိစ္စကြီးကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေက မလိုလားအပ်တဲ့ ပြဿနာတွေကို ပိုပြီးဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာကနေ ထုတ်ပြန်ပေးထားတဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ အများကြီးရှိပါတယ်။ ဒီအချက်အလက်တွေကို ကျွန်တော်တို့က သေသေချာချာ လေ့လာပြီးတော့မှ တိတိကျကျ လိုက်နာဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” လို့ ပြေတီဦးက ဆိုပါတယ်။ 

Photo: Eaindra Kyaw Zin

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ 

Photo: LI JOhn

အိန္ဒြာကျော်ဇင်ကလည်း ပရိသတ်တွေ အားလုံးကို ကျန်းကျန်းမာမာဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ COVID-19 အတွက် အရေးကြီးတဲ့ အချက်တွေကိုလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ဗီဒီယိုဖိုင်လေးတင်ရင်း ဂရုစိုက်ကြဖို့ မှာခဲ့တာကို တွေ့ရပါတယ်။ 

“ အဓိက ကတော့ ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့ အိမ်ပြန်မထွက်ကြဖို့၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံအတွက် ကာကွယ်ဖို့ အရေးကြီးပါတယ်။ မဖြစ်မနေ အပြင်သွားရတယ်၊ အလုပ်လုပ်ရတယ်ဆိုရင်လည်း လူစုလူဝေးရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပေးပါ။ အရမ်းအရေးကြီးဆုံးကတော့ လက်ဆေးဖို့ပေါ့။ လက်ဆေးတဲ့အခါမှာ စနစ်တကျဖြစ်ဖို့ရယ်၊ မကြာခဏ ဆေးပေးဖို့ လိုအပ်ပါတယ်။ နှာချေမယ်၊ ချောင်းဆိုးမယ်ဆိုရင်လည်း နှာခေါင်းတို့ ပါးစပ်တို့ကို တစ်သျှူးနဲ့ အုပ်ပေးသင့်ပါတယ်။ အရေးကြီးတာက လူအများကြီးရှိတဲ့နေရာမှာ တံတွေးမထွေးမိပါစေနဲ့” လို့ သူက ပြောပါတယ်။ 


Photo: Eaindra Kyaw Zin

ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က