ကိုမွန်ကြီးကတော့ ကျန်းမာရေး ကောင်းခါစဖြစ်နေပြီလို့ သိရပါတယ်။
Sabal Thwin

ကိုမွန်ကြီးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ရောဂါပိုးတွေ မဝင်ရလေအောင် စောင့်ရှောက်ပေးနေတယ်လို့ ဇနီးဖြစ်သူက အခုလို ပြောပြလာပါတယ်။ 

ဟာသသရုပ်ဆောင် မွန်ကြီးကတော့ ကျန်းမာရေး မကောင်းတာကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာဖြစ်ပါတယ်။ စကားသံ ဝဲဝဲလေးနဲ့ ဟာသတွေ ပြောတတ်သူဖြစ်လို့ ပရိသတ်တွေ သတိထားမိကြမှာ အမှန်ပါပဲ။ လက်ရှိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကိုလည်း ဇနီးဖြစ်သူ ဒေါ်မိုးသီတာက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အခုတော့ ကျန်းမာရေးက တော်တော်လေး ကောင်းလာပါပြီ။ တော်တော်လည်း သွားနိုင်လာနိုင်ပြီ။ သူက နဂိုကတည်းက ရုပ်ရှင်မောင်နှမတွေနဲ့ သွားလိုက်လာလိုက်ဆိုတော့ အရမ်းသွားချင်ရှာတယ်။ ကိုယ်ခံအားလည်း မကောင်းတဲ့အခါကျတော့ သူ လမ်းလျှောက်ချင်တဲ့ စိတ်ရှိအောင် ကိုယ်ကပဲ အကုန်လိုက်လုပ်ပေးတယ်၊ လမ်းလျှောက် လေ့ကျင့်ခန်းတွေ အမြဲတမ်း လုပ်၊ အပြင်တွေလည်း လိုက်ပို့ပေးရတာပေါ့။ သူ့ကိုလည်း ကိုယ်ခံအားကောင်းအောင်၊ နောက်ထပ် ရောဂါပိုးတွေ မဝင်အောင် ထားရတယ်။ ကိုယ်ကိုယ်တိုင်လည်း ကျန်းမာအောင်နေရတယ်” လို့ ဆိုပါတယ်။ 

Photo: Ko Mon Gyi

လက်ရှိမှာတော့ COVID-19 ကူးစက်ခံရသူ (၁၀) ဦးရှိပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နေရာအနှံ့ ပိုးသတ်ဆေးတွေ လိုက်လံ ဖြန်းပက်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo: Ko Mon Gyi

COVID-19 ကူးစက်မှု မဖြစ်အောင် လူစုလူဝေးရှိတဲ့နေရာတွေ မသွားဖို့၊ အပြင်သိပ်မထွက်ဖို့အတွက် ဇနီးဖြစ်သူက သေချာ ပြောပြထားတယ်လို့ ကိုမွန်ကြီးက ပြောပါတယ်။ 

“ ကျွန်တော်ကိုယ်တိုင်လည်း မနက်မိုးလင်းတာနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရင်း အပြင်ပဲသွားနေချင်တာ။ အခုတော့ COVID-19 ကြောင့် အပြင်တွေ မသွားဖို့ တားမြစ်ထားတော့လည်း အိမ်ထဲမှာပဲ နေရတော့မှာပေါ့လေ” ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြုလုပ်တဲ့ အလှူပွဲမှာကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Ko Mon Gyi

ကိုမွန်ကြီးဟာ ၂၀၁၉ ခုနှစ်ကုန်ပိုင်းလောက်က ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ် ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ဇာတ်ကားတွေ သိပ်မရိုက်နိုင်ခဲ့ပါဘူး။ ကိုမွန်ကြီးရဲ့ နာမည်အရင်းကတော့ မင်းလှိုင် ဖြစ်ပါတယ်။ သူ့ကိုတော့ ဗီဒီယို ဇာတ်ကားတွေထဲမှာ ကားဒါရိုက်ဘာ၊ သူဌေးတပည့်၊ အဓိက ဇာတ်ဆောင် မင်းသား၊ မင်းသမီး တွေရဲ့ အစ်ကို၊ ညီ၊ မောင်လေး၊ ဦးလေး စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့လည်း နယ်ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က