လာလှူကြတဲ့ စားနပ်ရိက္ခာတွေထဲကပဲ စားကြတယ်။
Sabal Thwin

အမေများ အဖွဲ့ကတော့ အသက်အရွယ်ကြီးတဲ့ သူတွေ ရှိတာကြောင့် COVID-19 ကာလမှာ ကြုံတွေ့နေရတဲ့ နေထိုင်စားသောက်ရတဲ့ ပုံစံတွေကို ဒေါ်နန်းခမ်းဝါက ပြောပြလာပါတယ်။ 

အသက်အရွယ်ကြီးပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ “ အမေများ အဖွဲ့” ရဲ့ လက်ရှိ နေထိုင်စားသောက်ရေးတွေ အကြောင်းကို အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်နန်းခမ်းဝါက Duwun Media ကနေ ပြောပြလာပါတယ်။ 

“ အမေတို့က အများစုနဲ့ဆိုတော့ ကြောက်လည်းကြောက်ကြတယ်။ နဂို ကတည်းက ဆီးချိုတို့၊ သွေးတိုးတို့ ရောဂါ အခံတွေရှိတယ်။ အဖွဲ့မှာ အငယ်ဆုံးဆိုတာတောင်မှ အသက်(၆၀) ကျော်ပြီ။ ကျန်တာက (၈၀) ကျော်တွေဆိုတော့ ရောဂါကို ကြောက်ကြတာပေါ့။ တံခါးတွေ အထပ်ထပ် ပိတ်ပြီးတော့ အထဲမှာ ရှိတာလေးတွေနဲ့ စားနေကြတာပေါ့။ အဲဒီမှာမှ စားနပ်ရိက္ခာ လာလှူကြတဲ့ အထဲကနေ စားကြတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Lwin Moe

အခုချိန်မှာတော့ ဒေါ်နန်းခမ်းဝါဟာ“ အမေများ အိမ်ရာ” မှာ နေထိုင်တယ်လို့ သိရပါတယ်။ COVID-19 ကာလဖြစ်တဲ့အတွက် ကျန်းမာရေးကိုလည်း ပိုဂရုစိုက်တယ်လို့ ဆိုပါတယ်။ 

“ အန်တီတို့ဆီမှာက အဆောင် တစ်ဆောင်ကို နှစ်ယောက်နေတယ်။ အမေတို့ အခုနေတဲ့ နေရာမှာ (၅) ယောက်၊ (၆) ယောက်လောက်ကတော့ ပင်တိုင်နေတဲ့သူတွေပေါ့။ ကျန်တဲ့သူတွေကတော့ ရောဂါအခြေအနေကြောင့် ကိုယ့်အိမ်ကိုယ် ပြန်နေလို့ရတဲ့ သူတွေကိုတော့ ပြန်လွှတ်ထားတယ်။ ဒီ (၅) ယောက်၊ (၆) ယောက်အတွက် ဆေးဖိုးကို ဒါဒါက လှူမယ်လို့ပြောတယ်။ တစ်လကို (၂) သိန်းဖြင့် (၂)သိန်း၊ (၃)သိန်းဖြင့် (၃) သိန်း လှူတယ်”ဆိုပြီးတော့ မေလ ၂၂ ရက်နေ့က ရုပ်ရှင်အစည်းအရုံးရဲ့ အလှူကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

COVID-19 သတင်းတွေ ဖတ်ရင်း စိုးရိမ် စိတ်တွေလည်းဖြစ်ကြရတယ်လို့ ဒေါ်နန်းခမ်းဝါက ပြောပါတယ်။ ဒါကြောင့် အခုချိန်မှာ ဘုရား၊ တရားကို ပိုလုပ်တယ်လို့ သူ ဆိုပါတယ်။ 

“ အမေ နွဲ့နွ့ဲစန်းဆိုရင် သူတို့ တစ်သက်မှာ ဒီလို ကိစ္စမျိုး တစ်ခါမှ မကြုံခဲ့ဖူးတဲ့သူဆိုတော့ ဘယ်နှစ်ယောက် တိုးသွားပြီ၊ ဘယ်နှစ်ယောက်ကတော့ ရောဂါက ဘာဖြစ်ပြန်ပြီဆိုရင် ကြည့်ပြီးတော့ အိပ်မပျော်တာမျိုးတွေ ဖြစ်နေကြတာပေါ့။ လူဆိုတာ တစ်သက်မှာ တစ်ခါတော့ သေကြရမှာပဲလေ။ ဆင်ခြင်နေတဲ့ ကြားက သေသွားမယ် ဆိုရင်တော့ မတတ်နိုင်ဘူး။ ဒီတော့ ဘုရားတရား ပိုလုပ်တယ်” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: U Aye Kyu Lay

ဒေါ်နန်းခမ်းဝါ ကိုတော့ ပရိသတ်တွေက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတိုတွေကနေတဆင့် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် မင်းသားမင်းသမီးတွေ အိမ်က အိမ်ဖော်ကာရိုက်တာ၊ အဒေါ်ကာရိုက်တာ၊ အတင်းတုပ် စပ်စု တတ်သူ ကာရိုက်တာ တွေဟာ ပရိသတ်ကို သတိထားမိစေခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က