ဘဝဆိုတာ ဒီလိုတသတ်မတ်တည်း မသွားပါဘူး။

သားညီကတော့ Covid ကာလအတောအတွင်း အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ သူသိလိုက်ရတဲ့ သင်ခန်းစာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Thar Nyi



ဒါရိုက်တာ သားညီက Covid ကာလမှာ သူကိုယ်တိုင်သိလိုက်ရတဲ့ သင်ခန်းစာတွေအကြောင်း ပြောပြလာပါတယ်။ သူ့ အနေနဲ့ အနုပညာအလုပ်တွေလည်း ရပ်နားထားရသလို အပြင်စီးပွားရေး အလုပ်လုပ်ဖို့ မဝံ့ရဲသေးတာကြောင့် စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ မိသားစုရယ်လို့ ဖြစ်လာပြီဆိုရင် သာတဲ့အခါတုန်းကလည်း အတူတူ စံခဲ့ဖူးသလို နာတဲ့ အခါမှာလည်း အတူတူ ခံကြရတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်လည်း အပြင်စီးပွားရေး တစ်ခုခု လုပ်ချင်တယ်။ ဒီအတိုင်းလေး နေတာမှ အကောင်း ကိုယ်လုပ်လိုက်မှ ပိုဆိုးသွားမှာလည်း ကြောက်တယ်။ ဒါကြောင့် ရှိတာလေးကိုပဲ ထုခွဲရောင်းချပြီးတော့ စားသောက်နေရတာပေါ့။ ဒီကာလမှာ လူတစ်ယောက်က ဒီအလုပ်တစ်ခုတည်းကို လုပ်လို့ မရဘူးဆိုတဲ့ အသိစိတ်ဝင်လာတယ်။ ဘဝဆိုတာ အမြဲတမ်း ဒီလို တသတ်မတ်တည်း မသွားဘူးဆိုတာ Covid က ပေးလိုက်တဲ့ သင်ခန်းစာပေါ့နော် ကျွန်တော်တို့ ယူတတ်မယ်ဆိုရင် ဒါက သင်ခန်းစာပါ” ဆိုပြီးတော့ ဇူလိုင် ၁၇ ရက်နေ့က ပြောပြခဲ့တာပါ။ 

Photo: Thar Nyi

အနုပညာလောကသားတွေ အနေနဲ့ Covid ကာလ အစကတည်းက ရိုက်ကူးရေးတွေ ရပ်နားထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြော်ငြာရိုက်ကူးရေး၊ ပြက္ခဒိန်ရိုက်ကူးရေးတွေသာ ရိုက်ကူးခွင့်ပြုထားပြီး ရုပ်ရှင်ရိုက်ကူးရေးအတွက် ခွင့်ပြုချက် မရသေးတဲ့ အပေါ်မှာလည်း သားညီက အခုလို ပြောပြထားပါသေးတယ်။ 

“ အစ်ကို အလုပ်တွေရပ်ထားရင် အစ်ကို့နောက်မှာ Crew အဖွဲ့တွေရှိတယ်။ အစ်ကိုတို့က နည်းနည်း အဆင်ပြေပြေ စားနိုင်သေးတယ်။ တချို့ဆိုရင် တစ်နေ့စာ တစ်နေ့ စားဖို့တောင်မှ ခက်ခဲနေကြတာ။ အလုပ်တွေ ပြန်လုပ်ဖို့ကျတော့လည်း ဒီလို အရာလေးတွေတော့ မလုပ်နဲ့ဦး၊ ဒါတွေကို ဒီလို ပြင်ဆင်ထားကြဦးဆိုပြီးတော့ တိကျတဲ့ လမ်းညွှန်ချက်လေးတစ်ခုတော့ လိုချင်တာပေါ့နော်။ အဆိုးဆုံးပြောရမယ်ဆိုရင် နောက်ထပ် (၃) လလောက်တော့ ငါတို့ အလုပ်လုပ်လို့ မရသေးဘူး။ အဲဒီ(၃) လအတွင်းမှာ ကြိုတင်ပြင်ဆင်ထားကြ ရအောင်ပေါ့နော် သူတို့အနေနဲ့လည်း ပြောပြဖို့ ခက်ပါတယ်။ ကိုယ်တွေဘက်ကလည်း သိချင်တာပေါ့နော်” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က