“သဝန်တိုတာ အရမ်းချစ်လို့” အခွေလေး ထွက်ရှိတော့မှာပါ။

ဖြူဖြူကျော်သိန်းကတော့ အဆိုတော်ကော်ပရာနဲ့ အတူသီဆိုထားတဲ့ "သဝန်တိုတာ သိပ်ချစ်လို့" အခွေလေး ပရိသတ်အရှေ့ကို ရောက်လာတော့မယ်လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein



ဂီတလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်တွေ ဖြစ်တဲ့ ကော်ပရာ နဲ့ ဖြူဖြူကျော်သိန်း တို့စုံတွဲ သီဆိုထားတဲ့ သီချင်းအခွေလေးကတော့ သြဂုတ်လ(၁၄) ရက်နေ့မှာ ထွက်လာတော့မယ်လို့ ဖြူဖြူကျော်သိန်းက မီဒီယာတွေကနေတဆင့် ပရိသတ်ကို အသိပေးလိုက်ပါပြီ။ ဒီအခွေကိုတော့ “သဝန်တိုတာ အရမ်းချစ်လို့” ဆိုတဲ့ နာမည်လေး ပေးထားတယ်လို့ သိရပါတယ်။ 

"သဝန်တိုတာအရမ်းချစ်လို့ ဆိုတဲ့ ဖြူဖြူနဲ့ ကော်ပရာတို့ရဲ့ ကိုယ်ပိုင်သံစဉ်၊ ကော်ပရာကိုယ်တိုင် တစ်ခွေလုံးရေးထားတဲ့ အတွဲအခွေလေးကို သြဂုတ်လ(၁၄) ရက်နေ့ကျရင် လှိုင်း တေးသံသွင်းကနေ ဖြန့်ချီပါတော့မယ်။ Covid ကာလကြီးမှာ အခွေထွက်ရတာဆိုတော့ စိတ်လှုပ်ရှားပါတယ်။ ဒီအခွေ ထွက်ချင်နေတာ ကြာပြီ (၂) နှစ်လောက် ခေါင်းချင်းဆိုင်ပြီး ပြင်ဆင်ကြတယ်။ ဒီလိုမျိုး ကော်ပရာကိုယ်တိုင် တစ်ခွေလုံးရေးတဲ့ သီချင်းကို ဖြူဖြူဆိုချင်ခဲ့တာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းကပါ။ သူ့ရဲ့ အနုပညာကို ဖြူဖြူ အကြွင်းမဲ့ယုံကြည်တယ်။ သူတစ်ခွေလုံး ရေးတဲ့ အခွေကို ထုတ်ရဲတယ်၊ ဆိုရဲတယ်။ သူ့ကိုလည်း လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက ပြောခဲ့တာပါ။ အခုဆိုရင် တကယ် အကောင်အထည်ပေါ်လာတော့မယ်" လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein

“သဝန်တိုတာ အရမ်းချစ်လို့” ဆိုတဲ့ အခွေထဲက သီချင်းတွေထဲမှာ လွန်ခဲ့တဲ့ (၁၃) နှစ်က ကော်ပရာကိုယ်တိုင်ရေးထားတဲ့ သီချင်းဟောင်းလေးတွေကိုလည်း ထည့်သွင်း သီဆိုထားတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ 

" ဒီအခွေထဲမှာ သီချင်း(၁၁)ပုဒ်ပါတယ်။ လွန်ခဲ့တဲ့(၁၃) နှစ်ကတည်းက ကော်ပရာ စရေးခဲ့တဲ့ သီချင်းလည်းပါတယ်၊ (၁၃) နှစ်ကာလအတွင်းမှာ ကော်ပရာရေးနေတဲ့ သီချင်းတွေလည်း ပါတယ်၊ လွန်ခဲ့တဲ့ (၆) လကျော်ကမှ ရေးခဲ့တဲ့ Title Song လေးလည်း ပါတယ်။ သီချင်း(၁၁)ပုဒ်စလုံးကလည်း အငိုတွေ၊ အဖီးလ်တွေ၊ အချစ်သီချင်း၊ အသည်းကွဲ သီချင်းတွေပါတယ်။ ဒီထဲမှာပါတဲ့ သီချင်းတွေကလည်း အရမ်းကို အနုပညာအရမ်းကောင်းတဲ့ သီချင်းတွေဖြစ်တယ်။ ဖြူဖြူ့ကို ချစ်တဲ့ ပရိသတ်၊ ကော်ပရာ့ကိုချစ်တဲ့ ပရိသတ်တွေဆိုရင် ဖြူဖြူပြောတာ မလွန်ဘူးလို့ နားလည်မယ်လို့ထင်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Dior

“သဝန်တိုတာ အရမ်းချစ်လို့” အခွေကို အမြို့မြို့အနယ်နယ်မှာရှိတဲ့ တေးသံသွင်းဆိုင်များ၊ Shopping Center များ၊ Home Delivery အနေနဲ့ Bagan Zay နဲ့ Dior by Heart စတဲ့ Facebook Page တွေကနေတဆင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက် Joox app အပါအဝင် Music platform တွေမှာလည်း ဒီသီချင်းလေးကို တင်ပေးသွားမယ်လို့ သိရပါတယ်။ သြဂုတ်လ(၁၂) ရက်နေ့ မနက် (၈) နာရီကျော်က ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ "သဝန်တိုတာ အရမ်းချစ်လို့" Music Video လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ 

Photo: Phyu Phyu Kyaw Thein

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က