ကိုယ့်ရှိသလောက်နဲ့ ကိုယ်စားနေရတယ်။

မင်းဦးကတော့ Covid ကာလမှာ ဝင်ငွေ မရှိတာကြောင့် အသုံးအစွဲကအစ ချင့်ချိန်နေရတယ်လို့ ဆိုပါတယ်။ 

Photo: Min Oo



သရုပ်ဆောင် မင်းဦးက Covid ကာလ ကြာမြင့်လာတဲ့အခါ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေလည်း ရပ်နားနေရတာဖြစ်လို့ ရှိတဲ့ ငွေကြေးကိုပဲ ချင့်ချိန်သုံးစွဲနေတယ်လို့ Duwun ကို ဖြေဆိုခဲ့ပါတယ်။ 

“ ဒီအချိန်မှာ လူတိုင်းကတော့ ဝင်ငွေ မရှိတာ အသေအချာပဲ။ ဒီတော့ ကိုယ့်ရှိသလောက်နဲ့ ကိုယ်စားရမယ်။ ပြီးတော့ ဒီကာလကလည်း ဘယ်အချိန်အထိ သွားမယ်ဆိုတာ မသိရဘူး။ တစ်ခါလာလည်း (၁၅) ရက်၊ နောက်တစ်ခါလည်း (၁၅) ရက်၊ နောက်တစ်ကြိမ်လည်း (၁၅) ရက်ဆိုတော့ အဆင်မပြေကြတော့ ဘူးလေ။ အစ်ကိုကတော့ ဒီကာလကို မြန်မြန် ပြီးစေချင်တာပေါ့။ သေချာ ချင့်ချိန်ပြီးတော့ သုံးစွဲရတာပေါ့” ဆိုပြီးတော့ ဇွန်လ (၈) ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ပြောခဲ့တာပါ။  

Photo: Min Oo

မင်းဦးကတော့ COVID-19 ကာလမှာ အွန်လိုင်းစာမျက်နှာပေါ်ကနေ အစားအသောက်တွေ ရောင်းနေကြတဲ့အပေါ် (၈၈) အရေးအခင်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ အရာတွေကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ အစ်ကိုကတော့ အစားအသောက်နဲ့ ပတ်သက်လာရင် မလုပ်တတ်ဘူး။ အစ်ကို့ အမျိုးသမီးကတော့ နည်းနည်း ချက်တတ်တယ်။ နှစ်ယောက်တည်းရှိတာ ဘယ်လုပ်နိုင်မှာလဲ။ အစ်ကို့ အတွေ့အကြုံအရ ၈၈ အရေးအခင်းတုန်းကဆိုရင် လူတွေ တော်တော် ဒုက္ခရောက်ခဲ့ကြပါတယ်။ အနုပညာသမားတွေရောပေါ့။ အဲဒီတုန်းကဆိုရင် လမ်းဘေးမှာ မုန့်ဟင်းခါးရောင်းတာတို့ ဖြစ်ကုန်တာ။ တချို့ဆိုရင် ဆိုက်ကားတွေတောင် နင်းလိုက်ရတာ တကယ်ရှိခဲ့ဖူးတယ်။ အခုက အဲဒီတုန်းကထက်စာရင် Delivery လေးနဲ့ လိုက်ပို့နေရတာ အဆင်ပြေတယ်လို့ အစ်ကို ထင်တယ်” လို့ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Min Oo

အွန်လိုင်းပေါ်မှာ အစားအသောက်ချက် ရောင်းနေကြတဲ့ အနုပညာရှင်တွေ ရှိပေမယ့် မင်းဦးကတော့ အစားအသောက်နဲ့ ပတ်သက်လာရင် မကျွမ်းကျင်ကြောင်း သူကပြောလာခဲ့ပါတယ်။

“ အစ်ကိုက ကြက်ဥတော့ ပြုတ်တတ်တယ်၊ ထမင်းချက်တတ်တယ်။ ကြက်ဥကြော်ရင်တောင်မှ ဆီပေါက်မှာစိုးလို့ ကြောက်နေရတာ။ ကြက်ဥကြော်လို့ ဆီပေါက်တာကို ကြည့်နေရတာနဲ့တင် နောက်တစ်ခါ ကြက်ဥ ဘယ်တော့မှ မကြော်ရတော့ဘူး။ ဒါကြောင့် အစားအသောက်ရောင်းနေကြတဲ့ မောင်နှမတွေကိုတော့ လေးစားတယ်။ အားပေးတယ်” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Min Oo

မင်းဦးကတော့ အနုပညာသက်တမ်း နှစ်(၃၀) ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်တုန်းက "နင်စေရင်" ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တုန်းက ဇနီးချောလေး ခိုင်ဝေသူနဲ့ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိတော့ ရင်သွေးလေး မရှိသေးပါဘူး။ ဇနီးမောင်နှံ နှစ်ယောက်တည်း ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားတာပါ။ မင်းဦးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က