အိမ်ကိုတောင် မပြန်တော့ပဲ လုပ်နေတာပါတဲ့။

ထွန်းကိုကို ကတော့ Covid ကာလမှာ အများပြည်သူအကျိူးအတွက် ပရဟိတ အလုပ်တွေ လုပ်နေရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။ 

Photo: Tun Ko Ko



သရုပ်ဆောင် ထွန်းကိုကိုကတော့ Covid ကာလမှာ နာရေးကူညီမှု အသင်း နဲ့ အတူ ပရဟိတလုပ်ငန်းတွေ အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ လုပ်နေတာကြောင့် အိမ်ကိုတောင် မပြန်တော့ဘူးလို့ Duwun ကနေ ပြောလာပါတယ်။ 

“ ကျွန်တော်က အရင်တုန်းကတည်းက ပရဟိတအလုပ်တွေ လုပ်နေတာပါ။ ဒီကာလမှာဆိုတော့ ကျွန်တော့်အတွက် ပိုပြီးတော့ လုပ်ခွင့်ရတယ်။ တကယ်လည်း အသင်းမှာ အားရင် အားသလို လုပ်ပေးတယ်။ အခုက ပိုအားသွားတော့ နာရေးကူညီမှု အသင်းမှာပဲ အလုပ်တွေ လုပ်ရင်း တစ်ခါတည်း နေလိုက်တာပေါ့နော်။ နေတယ်ဆိုတာကလည်း ပုံမှန် ပရဟိတအလုပ်တွေနဲ့ မတူတော့ပဲ စိန်ခေါ်မှုလည်းဖြစ်တယ်၊ အန္တရာယ်လည်း များတယ် ဘာကြောင့်လည်း ဆိုတော့ ကျွန်တော့် မိဘတွေရှိတယ်၊ ကျွန်တော့် ပတ်ဝန်းကျင်လည်း ထိခိုက်မှာ စိုးတာကြောင့် ကျွန်တော်ကိုယ်တိုင် အိမ်မပြန်တော့တာ” လို့ သူက ဆိုပါတယ်။ 

Photo: Tun Ko Ko

Covid ကာလမှာ အနုပညာအလုပ်တွေ နားနေတာ ဖြစ်တဲ့အတွက် ပရဟိတအလုပ်တွေ ပိုလုပ်ရတဲ့အပေါ် ဝမ်းသာ ဂုဏ်ယူမိတယ်လို့လည်း ထွန်းကိုကို က ဆိုပါတယ်။ 

“ ကျွန်တော့်လိုပဲ အသင်းမှာရှိတဲ့ ညီအစ်ကိုတွေ တော်တော်များများလည်း အသင်းမှာပဲနေကြပြီးတော့ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေ၊ ဈာပနလုပ်ငန်းတွေ၊ အရေးပေါ်လမ်းကြောင်းတွေ၊ Covid သံသယလူနာတွေကို သယ်ရတာတွေ၊ မီးလောင်ရင်လည်း မီးသတ်ကားတွေနဲ့ မီးထွက်ငြိမ်းရတာမျိုးတွေ ရှိတဲ့ အခါကျတော့ ပိုပြီးတော့ ပရဟိတအလုပ်တွေ ပိုလုပ်ဖြစ်တယ်။ အများပြည်သူအကျိုးအတွက် ပရဟိတအလုပ်တွေ ပိုလုပ်နေရတဲ့အပေါ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Tun Ko Ko

နာရေးကူညီမှုအသင်းသားတွေ အားလုံးကလည်း COVID-19 ကူးစက်ရောဂါ မဖြစ်အောင်အမြဲတမ်း ကာကွယ်ရတယ်လို့ ထွန်းကိုကိုက ပြောပါတယ်။ အသင်းမှာ တစ်ယောက် လျှော့သွားလည်း အလုပ်လုပ်တဲ့အခါ အရမ်းသိသာတယ်လို့ သူက ဆိုပါတယ်။ 

“ ပရဟိတအသင်းမှာလည်း တစ်ယောက်ယောက်သာ တစ်ခုခုဖြစ်သွားရင် အရမ်းသိသာတယ်။ တစ်ယောက်မှလည်း အားလျော့လို့မရဘူး။ အင်အားနည်းသွားလို့လည်း မရဘူးဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း Covid ဘယ်လို ကာကွယ်ရမလဲဆိုတာကို လေ့လာသင်ကြားရတယ်။ ဘယ်လို နေထိုင် ဆင်ခြင်ရတယ်ဆိုတာ လေ့လာရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရတယ်။ အများပြည်သူ ကာကွယ်ဖို့ကိုလည်း ကျွန်တော်တို့မှာ သင်ပြပြောပြပေးရတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Tun Ko Ko

ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က