ဈေးရောင်းတဲ့ နေရာကလည်း ခဏ ဖယ်ထားရတယ်လို့ ဆိုပါတယ်။
Sabal Thwin

ရဲလေးမကတော့ COVID-19 ကာလမှာ ဇာတ်ကားတွေလည်း မရိုက်ရသလို ဈေးရောင်းဖို့လည်း အဆင်မပြေတာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

ဇာတ်ပို့သရုပ်ဆောင် ရဲလေးမကတော့ မိသားစု စားဝတ်နေရေးအတွက် မုန့်ဟင်းခါး ရောင်းနေရသူဖြစ်ပါတယ်။ သူ ဈေးရောင်းတဲ့ နေရာလေးမှာ မြောင်းဖော်နေတဲ့အတွက် ဈေးရောင်းတာလည်း ရပ်ထားရတယ်လို့ Duwun ကို ပြောပြလာပါတယ်။

“ မြောင်းကတော့ ရပ်ကွက်က လုပ်တာပါ။ မိုးတွင်းကြီး မလုပ်လောက်ဘူးထင်ပြီး နေနေတာဆိုပေမယ့် သူတို့က ဖယ်ခိုင်းတော့လည်း ဖယ်နေရတော့ အခက်အခဲလေးတွေ ရှိပါတယ်။ အစ်ကိုနေတဲ့ အခန်းလေးဆိုတာကလည်း မြောင်းနှုတ်ခမ်းကို နှစ်ဖက်ခွ ဆောက်ထားတာဆိုတော့ အခွေဆိုင်လေးရော၊ မုန့်ဟင်းခါးဆိုင်လေးလည်း တွဲဖွင့်ထားတာဆိုတော့ အခု ဖျက်လိုက်ရတာပေါ့။ အခုလောလောဆယ်တော့ ဓမ္မာရုံမှာ ခဏလာပြီး တည်းခိုနေရတာပေါ့” လို့ သူကဆိုပါတယ်။ 

Covid-19 ကြောင့် အနုပညာရှင်တွေလည်း အလုပ်တွေ ရပ်နားနေတာ တွေ့ရပါတယ်။ ဈေးရောင်းလို့လည်း မရတာကြောင့် မိသားစု စားဝတ်နေရေးကို အဆင်ပြေသလို ဖြတ်သန်းနေတယ်လို့ ရဲလေးမက ပြောပါတယ်။ 

“ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အစ်ကိုတို့ ကားရိုက်တာလေးတွေက ပျက်သွားတာကိုး။ အဲဒီကတည်းက ဈေးလေးရောင်းတော့ နည်းနည်း အဆင်ပြေသွားတယ်။ အခု Covid က ဒီလို ဖြစ်တယ်ဆို တော့ Order တွေက နည်းနည်းကျသွားတယ်။ Covid ကာလမှာ အစ်ကိုတို့လည်း တော်တော်လေးကို ဒုက္ခရောက်သွားတာပါ။ အရင်တုန်းက ရတဲ့ဟာလေးတွေကို စုပြီး အစ်ကို ဆွဲကြိုးလုပ်ထားတယ်။ ဒါကလည်း ရှိတန်ဆာ၊ မရှိဝမ်းဆာလေ။ အခုလောလောဆယ်တော့ အဆင်ပြေသလိုလေးပဲ ကြည့်လုပ်ရတာပေါ့နော်။ မြောင်း လုပ်ပြီးသွားရင်လည်း ဆိုင်လေး ပြန်လုပ်ဖို့အတွက် ကျောက်ပြားဝယ်ရမှာနဲ့ အကုန် ပြန်လုပ်ရမှာဆိုတော့ တော်တော်လေး ကြိုးစားရဦးမှာပေါ့လေ” လို့ သူက ဆိုပါတယ်။ 

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က