ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။

တက္ကသိုလ်ကျောင်းသားဘဝတုန်းက အမှတ်တရတွေကို “အချစ်ဖြင့် လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးကြည့်ရင်း ပြန်လွမ်းကြမှာ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ဒေါင်းနဲ့ ပိုင်ဖြိုးသု တို့က အများကြီး ကြိုးစားထားကြတယ်လို့ ပြောပါတယ်။ 

Photo: အချစ်ဖြင့်လွမ်းစေ



ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဒေါင်း နဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ကားကြီးကိုတော့ မကြာခင်မှာရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းကတော့ ပရိသတ်ရင်ထဲမှာ စွဲထင်နေတဲ့ သီချင်းလေး ဆိုရင်လည်း မမှားပါဘူး။

“အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဒေါင်းက နောင်မင်းလတ် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ခံစားချက်အပြည့်အဝ ရခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကျွန်တော်ရိုက်တဲ့အချိန်မှာတော့ နောင်မင်းလတ် ဖြစ်ဖို့အတွက် ကြိုတင်ပြီး စိတ်ခံစားချက်တွေကို ထားတယ်။ မရိုက်ခင်တုန်းကတော့ နောင်မင်းလတ် ကာရိုက်တာဖြစ်ဖို့အရမ်းရင်ခုန်ခဲ့တာပါ။ တကယ်တမ်းရိုက်တော့ ရင်မခုန်တော့ဘူး။ နေ့တိုင်းကျောင်းသွားတက်တယ်လို့ပဲ ခံယူထားတယ်။ ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ ဒီလို ခံစားချက်ဖြစ်ခဲ့တဲ့အတွက် အရမ်းအမှတ်တရဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: အချစ်ဖြင့်လွမ်းစေ

ဒီဇာတ်ကားထဲမှာ ပိုင်ဖြိုးသုက အရမ်းအချစ်ကြီးပြီး အစွန်းရောက်တဲ့ ကောင်မလေး မိုးမှူးဝါအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီကာရိုက်တာဖြစ်ဖို့အတွက် တော်တော်လေး ကြိုတင်ပြင်ဆင်ခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။ 

“ မိုးမှူးဝါ ဆိုတဲ့ ကောင်မလေးက အချစ်ရေးနဲ့ပတ်သက်လာရင် နည်းနည်း တစ်ဖက်အစွန်းတော့ ရောက်တယ်။ သူက အချစ်ကြီးတာတင်မဟုတ်ပဲ နည်းနည်းတော့ အစွန်းရောက်တဲ့ အချစ်မျိုးပေါ့နော်။ ဒီကာရိုက်တာအတွက် အဲဒီစိတ်လေးကို နည်းနည်း ကြိုးစားပြီး ထည့်ရတာပေါ့။ သူ့အချစ်က အရမ်းပူလောင်လွန်းတယ်၊ သနားဖို့လည်းကောင်းတယ်၊ နောင်မင်းလတ်အပေါ် စွဲစွဲလမ်းလမ်းချစ်တယ်ပေါ့နော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက “အချစ်ဖြင့် လွမ်းစေ” ရုပ်သရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: အချစ်ဖြင့်လွမ်းစေ

“အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နောင်မင်းလတ်၊ မိုးမှူးဝါ နဲ့ ညို ဆိုတဲ့ ဇာတ်ကောင်တွေက အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကောင်တွေကို အသက်သွင်းပြီး ပါဝင်ကြမယ့် အနုပညာရှင်တွေကတော့ ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန် တို့က ပါဝင်ထားတာပါ။ “အချစ်ဖြင့် လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမှာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က