Online ပေါ်ကနေ ဈေးရောင်းတော့မယ်လို့ဆိုပါတယ်။

မေသန်းနုကတော့ အနုပညာအလုပ်တွေ မလုပ်ရသေးတဲ့အချိန်မှာ Online ပေါ်ကနေ ဈေးရောင်းမယ်လို့ ဆိုပါတယ်။ 

Photo: May Than Nu



မေသန်းနုကတော့ သူမရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ မြိတ် ကနေ ဒေသထွက်ကုန်စားစရာလေးတွေ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ရွှေဆင့် ဆိုတဲ့ နာမည်လေးနဲ့ ဈေးစရောင်းမယ်လို့ မီဒီယာ တွေကို ပြောပြလာပါတယ်။ 

“ မဆင့်ကို သူငယ်ချင်းတွေက စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး ကတ်ကြေးကိုက်တွေ ဘာတွေ ကြော်ရောင်းပါလားပြောတယ်။ လုပ်တော့ လုပ်ချင်တယ်၊ ပရိသတ်တွေကိုလည်း ကျွေးချင်တယ်။ ဒါကို တကယ်လုပ်ပြီဆိုရင်တော့ နည်းနည်းလေး အလုပ်ရှုပ်တယ်၊ အပြင်မှာ ကိုယ့်ကို ပံ့ပိုးမယ့်လူ လိုတယ်လေ။ ကိုယ့်နာမည်နဲ့ကိုယ့်တံဆိပ်နဲ့ ကိုယ်လုပ်ချင်လို့ ဒေသထွက်လေးတွေ ရောင်းဖို့ အခုလို စဉ်းစားလိုက်တာ။ နာမည်ကိုလည်း ရွှေဆင့်လို့ပဲ နာမည်ပေးထားတယ်။ လောလောဆယ်တော့ ပုဇွန်ခြောက်၊ ငါးပိ၊ သီဟိုစေ့ တို့ စရောင်းမယ်။ အခု ပစ္စည်းတွေက အဆင်သင့်ဆိုရင် Online ကနေ ဒီလကုန်လောက် စဖွင့်တော့မယ်” လို့ သူက ဆိုပါတယ်။ 

Photo: May Than Nu

မေသန်းနုဟာ Online ပေါ်ကနေ ဈေးရောင်းမှာဖြစ်လို့ စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေ မလုပ်ရသေးခင်အချိန်မှာ စီးပွားရေးဘက်ကို ခြေလှမ်းနေတာလို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ အခြေအနေအချိန်အခါကိုကြည့်ပြီး ဈေးရောင်းတာပေါ့လေ။ အခုချိန်မှာ အနုပညာအလုပ်တွေ လုပ်ဖို့ဆိုတာလည်း မဖြစ်သေးဘူးလေ။ အားလုံးက ရပ်နေကြတုန်းပဲ။ အချိန်တန်ဖို့ အခွင့်အခါ ပေးလာရင်တော့ အနုပညာအလုပ်တွေ ပြန်လုပ်မှာပေါ့။ ဘာပဲပြောပြော စီးပွားရေးတစ်ခုကတော့ လုပ်ကို လုပ်နေရမှာပဲလေ။ အနုပညာတစ်ခုပဲ ထိုင်စောင့်နေလို့ မဖြစ်ပါဘူး။ Online Shopping ကနေတဆင့် နောက်ထပ် စီးပွားရေးတွေလဲ ထပ်လုပ်လာမှာပါ။ အသေးဆုံးကိုတော့ ဒါနဲ့ စလုပ်ကြရမှာပေါ့” လို့ သူက ဆိုပါတယ်။ 

Photo: May Than Nu

သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က