ဒီနေ့ ရုံးချိန်း အခြေအနေကို ပြောပြလာပါတယ်။

သရုပ်ဆောင် ဝေဠုကျော်အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှု အခြေအနေအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာခဲ့ပါတယ်။

 ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ဒီအမှု နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် မီဒီယာတွေကို ဖွင့်ဟပြောပြလာပါပြီ။ ဒီအမှုကို အချိန် တစ်နှစ်ခွဲကြာ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်နေကြတာဖြစ်တယ်လို့ Duwun ကို ပြောပါတယ်။ 



“ ကျွန်တော့်ဘက်က တစ်နှစ်ခွဲလောက် ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ သူတင်တဲ့ သက်သေတွေ အားလုံးကို ကျွန်တော် ထိုင်နားထောင်တယ်၊ အားလုံး လုပ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းအတွက် ပြန်လည် စစ်မေးတဲ့ ရုံးချိန်း (၃) ချိန်းမြောက်ပါ။ ဒါဟာ ဂုဏ်သိက္ခာအတွက် တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြရတာပါ။ ဒါကို တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ ဘယ်သူ့ရဲ့ ဂုဏ်သိက္ခာကိုမှလည်း ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ကျွန်တော် ပြောသင့်ပြောထိုက်တာတွေကို ကျွန်တော့်ရဲ့ ရှေ့နေတွေက လုပ်ထားတာပါ။ ကျွန်တော့်ရှေ့နေ နှစ်ယောက်ရှိပါတယ်။ ကိုဖိုးဖြူ အရမ်းတော်ပါတယ်၊ ကိုဝေဖြိုးမြတ် အရမ်းကြိုးစားပါတယ်။ သူတို့ စွမ်းဆောင်မှု နဲ့ ကျွန်တော် ရှေ့ဆက်သွားနေတာပါ” ဆိုပြီးတော့ ဇူလိုင်(၂၄) ရက်နေ့ မနက်က ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ 

အခုအချိန်ထိ စစ်ဆေးမေးမြန်းတွေ ဆက်တိုက်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ သင်းသင်းကို ဇူလိုင်လ (၁၇) ရက်နေ့ ရုံးချိန်းမှာ ဝေဠုကျော်ရဲ့ ရှေ့နေက ဒုတိယအကြိမ်မြောက် စစ်ဆေးမေးမြန်းမှုပြု လုပ်ခဲ့ရာမှာ မမှန်မကန်လိမ်လည်ထွက်ဆိုမှုကြောင့် အရေးယူပေးဖို့ ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဝေဖြိုးမြတ်က ရုံးတော်ကို လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ 

ဝေဠုကျော်ရဲ့ ရှေ့နေဘက်က ရုံးတော်ကို လျှောက်ထားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သင်းသင်းကလည်း ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။ 

“ အစ်မဘက်က ဘာမှမသိတဲ့ ကိစ္စတစ်ခုကို ဘာမှ မသိဘူးလို့ပဲ ပြောမှာပဲလေ။ အစ်မကလည်း အဲဒီကိစ္စအတွက် အဖြေကို အတိအကျ အကုန်ယူပြီးသွားပါပြီ။ အခုလောလောဆယ် ကိုယ့်နောက်က ထပ်ချပ်မကွာလိုက်နေတာ ဘယ်သူဘယ်ဝါဆိုတာရယ်လို့တော့အတိအကျ မပြောတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် တောင် အသက်အန္တရာယ် အရမ်းစိုးရိမ်နေရတယ်။ ဘယ်သူဆိုတာကိုတော့ စွပ်စွဲလို့လည်း မရဖြစ်နေပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

သင်းသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုဖို့ သင်္ကန်းကျွန်း တရားရုံးမှာ ဦးတိုက် လျှောက်ပြီးနောက် ၂၀၁၉ ဇန်နဝါရီလ (၂၂) ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်က ငွေကျပ်သိန်း(၅၀) နဲ့ အာမခံ ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က