အနုပညာအလုပ်တွေ ပြန်လုပ်ချင်တဲ့အကြောင်းပြောလာပါတယ်။

ဘုန်းလျှံဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပြန်လုပ်ချင်ပေမယ့် အနုပညာမောင်နှမတွေနဲ့ ဆုံဖို့ အားငယ်နေမိတယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် ဘုန်းလျှံကတော့ ထောင်က ထွက်လာတဲ့ အချိန်မှာ အနုပညာလောက က မောင်နှမတွေနဲ့ ဆုံတွေ့ဖို့တောင် အားငယ်စိတ် ဖြစ်နေမိတယ်လို့ ဆိုပါတယ်။ သူ ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဆက်လုပ်ချင်ပေမယ့် အခွင့်အရေးပေးလာမလားလို့လည်း မျှော်လင့်မိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 



“ ကျွန်တော် ထောင်က ထွက်လာတဲ့ အချိန်မှာ အားပေးတဲ့ ပရိသတ်တွေလည်းရှိသလို၊ အားမပေးတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ အဓိက ကတော့ အနုပညာမောင်နှမတွေနဲ့ အလုပ်တွေ ပြန်လုပ်ချင်တယ်။ ကိုယ် ရိုက်ခဲ့ဖူးတဲ့ ဒါရိုက်တာတွေနဲ့လည်း ပြန်ပြီးတော့ အလုပ်အတူ လုပ်ချင်တယ်။ ကိုယ့်ကို ခေါ်သုံးခဲ့ဖူးတဲ့ ထုတ်လုပ်ရေးတွေနဲ့လည်း ဇာတ်ကားတွေ ရိုက်ချင်တယ်။ ဒုတိယအကြိမ် အခွင့်အရေးလေးတော့ ကျွန်တော့်ကို ပေးစေချင်တယ်။ အခွင့်အရေး ရခဲ့ဖူးတာတွေလည်း ကောင်းကောင်း အသုံးမချခဲ့ပါဘူး။ ဒါကြောင့် အားငယ်မိတာက ကိုယ့်ကို ဒုတိယအခွင့်အရေး ပေးလာပါဦးမလားဆိုပြီးတော့ ယုံကြည်တစ်ဝက်၊ မယုံကြည်တစ်ဝက်ပါ” လို့လည်း သူက ဆိုပါတယ်။ 

ဘုန်းလျှံဟာ အကျဥ်းထောင်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်းမှာ သရုပ်ဆောင် ခန့်စည်သူရဲ့ လက်တွဲခေါ်ယူမှုတွေနဲ့အတူ အလှူအတန်းတွေ များစွာ ပြုလုပ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ သူ့အတွက်တော့ ခန့်စည်သူရဲ့ ကူညီဖေးမမှုတွေက အားဆေးတစ်ခွက်လိုပါပဲလို့ ဘုန်းလျှံက ဆိုပါတယ်။

“ ကိုခန့်က ကျွန်တော့်အတွက်တော့ အားဆေးတစ်ခွက်လိုပါပဲ။ အခုချိန်မှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ တွေ့ရပေမယ့် အနုပညာမောင်နှမတွေနဲ့ တွေ့ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူး။ ကိုယ့်ကို အရင်လိုမျိုး ရင်းရင်းနှီးနှီးဆက်ဆံပါဦးမလား ဆိုပြီးတော့ အမြဲတမ်း အားငယ်စိတ် ဖြစ်မိပါတယ်။ ဒါပေမယ့် ကိုခန့်က အဲဒီလို စိတ်တွေ မဝင်အောင် ကျွန်တော့်ကို လက်တွဲခေါ်တယ်။ အရင်လိုပဲ ဆက်ဆံပေးတာ အရမ်းဝမ်းသာမိတယ်။ ဒါက ပထမဆုံး ဖြစ်တဲ့ ပီတိပါ” လို့ ဆိုပါတယ်။ 

လက်ရှိမှာ ဘုန်းလျှံဟာတာမွေမြို့နယ်မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ရဟန်းဝတ်နေတာ ဖြစ်ပါတယ်။ ဘုန်းလျှံဟာ မေလ(၆)ရက်နေ့က သာသနာ့ဘောင်ထဲ ဝင်ခဲ့တာဖြစ်ပြီး (၁၁) ရက်တိုင်တိုင် တရားအားထုတ်မှာ ဖြစ်ပါတယ်။


ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က