ပွဲက ၂ ရက်လုပ်မှာပါ။

ဘန်နီဖြိုးကတော့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီ ဖျော်ဖြေပွဲမှာလည်း လူဦးရေ ကန့်သတ်ထားတယ်လို့ဆိုပါတယ်။

Photo: Bunny Phyoe



ဘန်နီဖြိုးကတော့ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါကတော့ သူ့ရဲ့ ဒုတိယမြောက်တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“၂၀၂၀ ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ကျွန်တော့် ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို လုပ်ပါမယ်။ ဒီပွဲကို ၂ ရက်လုပ်တဲ့အကြောင်းကလည်း တစ်ရက်ကို Limit နဲ့ လုပ်တာဖြစ်တဲ့အတွက် ၂ ရက်လုပ်တာပါ။ Limited ဖြစ်သွားတာကလည်း နေရာကြောင့်ပါပဲ။ ကျွန်တော်ကိုယ်တိုင်က အဲဒီနေရာမှာ လုပ်ချင်တယ်၊ ကျွန်တော် စိတ်ကူးထားတဲ့ပုံစံက အဲဒီနေရာနဲ့လိုက်နေတာကြောင့် မရ ရအောင်ပြင်ဆင်ပြီးတော့ လုပ်မှာပါ” လို့ သူကဆိုပါတယ်။

Photo: Bunny Phyoe

ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာတော့ ဘန်နီဖြိုးရဲ့ ဖျော်ဖြေတင်ဆက်မှု အသစ်တွေကို မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ ဒီဖျော်ဖြေပွဲမှာ လူဦးရေ ကန့်သတ်ထားတယ်လို့ သူကပြောပါတယ်။

“ နေရာကလည်း တကယ်ကို လူနည်းနည်းပဲ လာလို့ရမှာဖြစ်လို့ အဲဒီမှာ Limited ဖြစ်သွားပါတယ်။ အခါတိုင်းပွဲတွေလို ဝုန်းဒိုင်းကြဲ သောင်းကျန်းပြီးတော့ ကခုန်နေတာမျိုး မဟုတ်ပေမယ့် ကျွန်တော် လုပ်ချင်တာတွေ ပိုများပြီး နောက်ထပ် တင်ဆက်မှု အသစ်တစ်ခုကိုမြင်ရမှာပါ။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ ဗယ်လင်တိုင်းမ်ဒေး ပါ။ သောကြာနေ့ဆိုတော့ ရုံးဆင်းတဲ့အချိန်မှလုပ်မယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတော့စနေနေ့ဆိုတော့ နေ့လယ်ပိုင်း မှာ ကျွန်တော် လုပ်ပါမယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ က G Fatt ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Bunny Phyoe

ဘန်နီဖြိုးကတော့ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် နေရာက ကျဉ်းတယ်လို့ ဆိုပါတယ်။ လူအများကြီးလည်း မဆန့်တာကြောင့် နယ်ပရိသတ်တွေ အတွက် လက်မှတ်ဝယ်လို့ရမယ့် ပုံစံကိုလည်း စဉ်းစားနေတယ်လို့ သူကပြောပါတယ်။

“ ဒါကလည်း လူအရေအတွက် နည်းနည်းနဲ့ ကျွန်တော့်ရဲ့ ဖျော်ဖြေမှု ပုံစံအသစ်များများကို နားထောင်ရမှာဖြစ်ပါတယ်။ Show ပွဲလက်မှတ်က Limited ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ နယ်က လူတွေကိုလည်း ဘယ်လိုရောင်းရမလဲ မသိဘူးပေါ့နော်။ အွန်လိုင်းကပဲရောင်းရမလား၊ ရန်ကုန်မှာပဲ ပွဲတစ်ရက်လုပ်ပြီးတော့ ရောင်းရမလား၊ လက်မှတ်ကလည်း အရမ်းနည်းနေတော့ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းစားနေပါတယ်” လို့ သူကဆိုပါတယ်။

Photo: Aw Ya Tha

ဘန်နီဖြိုးရဲ့ ဂီတသက်တမ်းကတော့ ၁၀ စုနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူ့ကိုတော့ “အလွမ်းပြေအနမ်း” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ “ချစ်တယ်ဟုတ်” ၊ “လူပျိုလှည့်တေး”၊ “lucky” ၊“နီယွန်အိပ်မက်များ” ဆိုတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က