အမြတ်တနိုး သိမ်းထားပါတယ်။

ဇွဲနိုင်ဝင်းဟာ သရုပ်ဆောင် ဒွေး ရဲ့ အမှတ်တရ ပစ္စည်းလေးတွေ၊ ဓာတ်ပုံလေးတွေကို မမိုးက ယုံယုံကြည်ကြည် နဲ့ ပေးထားတာ လို့ ဆိုပါတယ်။ 

Photo: Zwe Naing Win



သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ အကယ်ဒမီ ဒွေးရဲ့ တပည့်အရင်းတစ်ယောက်ဖြစ်ပါတယ်။ ဒွေးကို အရမ်းချစ်သူဖြစ်လို့ ဒွေးရဲ့ဇနီးဖြစ်သူက ဒွေးရဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ပစ္စည်းလေးတွေကို အမွေ ပေးထားတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်မှာ ကိုသားကြီး ပုံလေးတွေ တင်ဖြစ်တယ်ဆိုတာကလည်း ကိုသားကြီး မင်းသား စလုပ်ကာစ ကနေ နောက်ဆုံး အင်္ကျီအဖြူလေးနဲ့ ပုံအထိ၊ Film ၊ Album ကိုသားကြီးနဲ့ ပတ်သက်တာလေးတွေကို မမိုးက ကျွန်တော့်ကို အမွေပေးထားတာပါ။ သားဆီမှာ ထားထားရင် ဒါတွေက ပျောက်မှာ မဟုတ်ဘူးဆိုပြီးတော့ အစ်မက ပြောတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အိပ်ရာခေါင်းရင်းနားမှာ Album တစ်ထပ်ကြီး ကျွန်တော့် ရင်ဘတ်လောက်ရှိတယ် ဒါတွေကို အမြတ်တနိုး သိမ်းထားတယ်” လို့ သူကဆိုပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒွေးရဲ့ဓာတ်ပုံတွေ တင်ပြီး သတိရကြောင်းတွေ အမြဲရေးလေ့ရှိသူ တစ်ယောက်ပါ။ ဒီလို အပြုအမူတွေကြောင့် ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ 

“ တချို့တွေက ကျွန်တော့်ကို ပေါ်ပျူလာဖြစ်ချင်လို့ လုပ်တယ်လို့ မြင်ကြတယ်။ တကယ် ပေါ်ပျူလာဖြစ်ချင်ရင် တခြားဟာတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် ကိုသားကြီးက ကျွန်တော့် ရင်ထဲ၊ စိတ်ထဲမှာ တကယ်ရှိတာ မို့လို့ အခုလို တင်ဖြစ်တာပါ။ ကျွန်တော့်ကို ပြောချင်ရင် ကျွန်တော့် အကြောင်းကို သေသေချာချာ တကယ် သိမှ ပြောပါ။ တချို့ ပုံလေးတွေဆိုရင် အပြင်မှာ မရှိတော့ ပရိသတ်ကို မြင်စေချင်တယ်လေ။ ကျွန်တော် ကိုယ်တိုင်လည်း ရင်ထဲကနေ လေးလေးနက်နက် သတိရလို့ တင်တာပါ” လို့ ဆိုပါတယ်။ 

Photo: Zwe Naing Win

ဒွေးကို ချစ်တဲ့ သူတစ်ယောက်ဖြစ်သလို ဒွေးရဲ့ စတိုင်လ်၊ ဖက်ရှင်လေးတွေကိုလည်း အတုယူမိတယ်လို့ ဇွဲနိုင်ဝင်း က ပြောပါတယ်။ ဒွေးကို လိုက်အတုခိုးတယ် ပြောရင်လည်း စိတ်မဆိုးဘူးလို့ သူက ဆိုပါတယ်။ 

“ ပေါ်တင်ပြောရရင်တော့ ကျွန်တော်ကြိုက်လို့ ကျွန်တော် လုပ်တာပါ။ မှီလားဆိုတော့ ခြေဖျားတောင် မမှီပါဘူး။ အရင်တုန်းက VCD တွေ ရိုက်ခဲ့တုန်းကတည်းက ဒွေး ရူး ရူးတယ်ပေါ့ဗျာ။ ဒွေးကို လိုက်တု တယ်လို့ ပြောရင်လည်း ကျွန်တော်ကတော့ စိတ်မဆိုးဘူး။ ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ်ပေါ့။ ကိုသားကြီးနဲ့ က ဦးသန်းဖေလေး ရိုက်တဲ့ “ မျက်ရည်များနဲ့ မနမ်းပါနဲ့” ဇာတ်ကားမှာ စခင်တာ။ ပြီးတော့ သူက တစ်ဖက်လူအပေါ် ထားတဲ့ ကိုယ်ချင်းစာ စိတ်လေးတွေကို ကျွန်တော် ကိုယ်တိုင် မြင်မိတဲ့ အချိန်မှာ တကယ်ကို လေးစားခဲ့ရတယ်” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းဟာ သူ့ရဲ့ အနုပညာကြေးက ရတဲ့ ငွေကြေးတွေကို စုဆောင်းပြီး ချောင်းဝဘုန်းကြီးကျောင်းမှာရှိတဲ့ ဆရာဖြစ်သူ ဒွေးရဲ့ ရုပ်တုကို ပြန်လည်ပြုပြင်မွမ်းမံခဲ့တာဖြစ်ပါတယ်။ ဒွေးရဲ့ မွေးနေ့၊ ကွယ်လွန်တဲ့ နေ့ တွေမှာလည်း ဒီရုပ်တုကို သွားရောက် သန့်ရှင်းပေးပြီး အလှူအတန်းတွေလည်း လုပ်လေ့ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက်လိုချစ်ရတဲ့ ကိုသားကြီး(ခ) ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က