ပေါင်းသင်းဆက်ဆံရေးတွေ.. ။

ဝိုင်းစုခိုင်သိန်းဟာ အောင်လအပေါ် အပြည့်အဝ ယုံကြည်လို့ရတဲ့ ချစ်သူပါလို့ဆိုပါတယ်။ အောင်လကလည်း သူ့အတွက် စိတ်တူ ကိုယ်တူ ချစ်သူလေးကို ပိုင်ဆိုင်ထားတာပါတဲ့။

အချစ်ရေးနဲ့ပတ်သက်လာရင် ဝေဖန်မှုတွေကြားက ပျော်ပျော်ရွှင်ရွှင်လက်တွဲလာတဲ့ အနုပညာရှင်စုံတွဲကတော့ အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဖြစ်ပါတယ်။ ဝိုင်းစု က အောင်လနဲ့ ချစ်သူဖြစ်သွားပြီးတဲ့နောက်မှာ ပြောင်းလဲသွားပြီဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။


‘’အများကြီးပြောင်းလဲသွားတယ်။ ငယ်ငယ်ကတည်းက ဒီအနုပညာအလုပ်တွေပဲ လုပ်လာတာဆိုတော့ တချို့အရာတွေမှာ ပေါင်းသင်းဆက်ဆံရေးတို့၊ တခြားအပိုင်းတွေ မသိတာ အများကြီးရှိတယ်။ ကိုယ်က အမှန်ထင်နေပေမယ့် ဒါက အမှားဆိုတာကို သူသင်ပေးတော့မှ သိတဲ့အရာတွေ အများကြီးရှိတယ်။ သူက တစ်ဖြောင့်တည်း တွက်နေတဲ့အရာတွေကိုလည်း ဒါလေးကတော့ ဘယ်လိုလေးရှိလိမ့်မယ်။ ဘယ်လိုဆိုရင် ပိုကောင်းမယ် ဆိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း တိုင်ပင်ဖြစ်ပါတယ်’’ လို့ဆိုပါတယ်။

Photo: Wine Su

အဲဒီနောက် အဆိုတော် အောင်လ ကလည်း သူ့ရဲ့ လက်ရှိ အချစ်ရေးအခြေအနေကို ပြောပြလာပါတယ်။ စိတ်တူ ကိုယ်တူ ချစ်သူလေးကိုလည်း ပိုင်ဆိုင်ထားတာပါတဲ့။

‘’တစ်ယောက်နဲ့တစ်ယောက်ကတော့ ဖေးဖေးမမ ပဲပေါ့နော်။ ကိုယ်လိုတာ သူဂရုစိုက်၊ သူလိုတာ ကိုယ်ဂရုစိုက် အဲဒီလိုပေါ့။ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေရရင်ပျော်တာပေါ့။ အချစ်က အရာအားလုံးကို တွန်းလှန်နိုင်တယ်။ သူနဲ့ ကျွန်တော်နဲ့ကလည်း ပုံစံတူတာများတယ်။ အဆင်မပြေရင် ထပြီးတော့ စိတ်ဆတ်တာတွေဘာတွေ တော်တော်တူတယ် ’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတ ဆုပေးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။

ချစ်သူဖြစ်တဲ့ အောင်လ အပေါ် ဝိုင်းစုခိုင်သိန်းရဲ့ သဘောထားကိုလည်း ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့အရာ၊ ကြိုက်တဲ့အရာတွေကိုလည်း သေသေချာချာ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

‘’ သူ့ကို အစ်မက အပြည့်အဝ ယုံကြည်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အစ်မက လူတစ်ယောက်ကို မယုံမကြည်မျက်လုံးနဲ့ မကြည့်တတ်ဘူး။ မယုံမကြည်လုပ်သွားရင်လည်း အဲဒီနေရာမှာပဲ တစ်ခါတည်း တိခနဲဖြစ်သွားမှာဆိုတော့ သူလည်း အစ်မအကြောင်းကို သိပါတယ်။ အစ်မကြိုက်တဲ့အရာနဲ့ မကြိုက်တဲ့ အရာကို တစ်ခါတည်း ခွဲခြားပြပြီးသား။ ဒီဟာဆိုရင် လုံးဝလက်မခံဘူး။ ကျန်တဲ့ ကိစ္စတွေအားလုံးက ရတယ်။ သူလည်း သူလက်မခံတဲ့ အရာကို ပြောပြထားပြီးသား ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မချိုးဖောက်ဘူးဆိုရင် အကုန်အဆင်ပြေတယ်။ လူတိုင်းမှာ လက်ခံနိုင်တဲ့ အပိုင်းတွေရှိသလို၊ လက်မခံနိုင်တဲ့ အပိုင်းတွေရှိတယ်။ ကြိုညှိထားပြီးသားဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်လျှောက်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Wine Su

သူမဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က