သူ့ရဲ့ အချစ်ကတော့ မပြောင်းလဲသွားပါဘူး။

ချစ်သူသက်တမ်း ၅ နှစ်ရှိပြီဖြစ်တဲ့ အောင်မြင့်မြတ် နဲ့ အိမီမီကိုတို့ စုံတွဲလေးကိုတော့ မသိတဲ့သူ မရှိသလောက်ပါပဲ။ အောင်မြင့်မြတ်က အနုပညာလောကမှာ နာမည်ရလာပြီဆိုပေမယ့် သူ့ရဲ့ အချစ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးတဲ့။

Photo: Harmony LIght



အောင်မြင့်မြတ် နဲ့ အိမီမီကိုတို့ စုံတွဲဟာ အခုဆိုရင် ချစ်သူသက်တမ်း ၅ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီ ၅ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝ ထားတယ်လို့ အောင်မြင့်မြတ်က Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ကျွန်တော်တို့တွေက အကြီးအကျယ် ပြဿနာဖြစ်ကြလည်း တစ်ညပဲ။ နောက်နေ့ မနက်ကျလို့ရှိရင် ရန်ဖြစ်တဲ့အကြောင်း ပြန်လည်းမပြောဖြစ်ကြတော့ဘူး။ တစ်ခါတလေ ကျလို့ရှိရင် လွန်ခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်က ဘာလို့ ရန်ဖြစ်ခဲ့ကြသလဲ မမှတ်မိတော့ဘူး။ သူကလည်း ကိုယ်မရှိရင်မဖြစ်ဘူး၊ ကိုယ်ကလည်း သူမရှိရင် မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်ကိစ္စ၊ အပြင်ကိစ္စတွေကအစ နှစ်ယောက်အတူတူရှိနေမှ ဖြစ်ကြတာပါ’’ လို့ သူကဆိုပါတယ်။

Photo: Aung Myint Myat

အောင်မြင့်မြတ်က အခုဆိုရင် အောင်မြင်တဲ့ တက်သစ်စ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ အခုလို အောင်မြင်လာတဲ့ အချိန်မှာလည်း သူ့ရဲ့ အချစ်ရေးက ပြောင်းလဲမှု မရှိဘူးဆိုတဲ့ အကြောင်းပြောပြခဲ့ပါသေးတယ်။

‘’ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာထက် အစောကြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင်လုပ်တယ်။ ပြဿနာအကြီးကြီးဖြစ်ကြပြီ ဆိုရင်လည်း စကားတွေ အများကြီးပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ယောက်က ရှေ့ဆက် အတူတူသွားရမယ်လေ။ တခြားတစ်ယောက်နဲ့ သွားလို့မှ မရတာ။ အဲဒီတော့ ဒီနှစ်ယောက်ပဲ ပြေလည်အောင်နေတယ်၊ ပြောတယ်’’ ဆိုပြီးတော့ GRAB Avengers :Endgame movie  မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Aung Myint Myat

အဲဒီနောက် အိမီမီကို ကလည်း အောင်မြင့်မြတ်က သူမအတွက် သစ္စာရှိတဲ့ ချစ်သူတစ်ယောက်လားဆိုတဲ့ အပေါ် အခုလို ပြောပြခဲ့ပါတယ်။

‘’ ဒီလိုကြီးတော့ တစ်သတ်မတ်တည်း တွေးထားတာတော့ မရှိဘူး။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ထားတတ်ဖို့ပါပဲ လူဆိုတာက သူ့စိတ်နဲ့သူ ကိုယ့်စိတ်နဲ့ကိုယ်ပဲလေ။ ဘယ်လောက်ပဲ စိတ်ချရပါတယ် ပြောပြော နောက်ကွယ်မှာ လုပ်ချင်တာ လုပ်တတ်တဲ့သူတွေလည်း ရှိကြတာပေါ့နော်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Aung Myint Myat

အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားထဲက သိန်းစိုး ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အိမီမီကို ကိုတော့ အောင်မြင့်မြတ်ရဲ့ ချစ်သူလေး မိတ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိထားတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က