ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေ ဖြစ်တယ်။

ချမ်းမြေ့မောင်ချိုဟာ လက်ရှိ အဆိုတော် တစ်ယောက်အဖြစ် ဖြတ်သန်းနေရတဲ့ သူမရဲ့ ဘဝနေထိုင်မှုအပေါ် ခံစားချက်တွေ ပြောပြလာပါတယ်။ ဝေဖန်မှုတွေများနေတဲ့ အချိန်မှာလည်း သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်တွေကျဖူးတယ်လို့ ဆိုပါတယ်။

Photo: Chan Myae Mg Cho



Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ ချမ်းမြေ့မောင်ချိုကတော့ သူမရဲ့ ရင်ထဲက စကားသံတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ အောင်မြင်လာတာနဲ့ အမျှ စွန့်လွှတ်ရတာတွေလည်းရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တောင်ဖြစ်မိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’အောင်မြင်တာက အောင်မြင်တာ တစ်ခု၊ ကိုယ်လူသိများတာလည်း များတာ တစ်ခုပေါ့။ အဲဒီအထဲမှာ အရင်တုန်းက ကိုယ်နေခဲ့တဲ့ ပုံစံတွေ၊ လွတ်လပ်ခွင့်တွေ၊ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံတွေကအစ အရမ်းကို ပြောင်းလဲရတာဆိုတော့ အဲဒီအရာတွေကို မခံစားနိုင်ဘူး။ သတ်သေချင်စိတ်တွေ ခဏခဏဖြစ်တယ်။’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Chan Myae Mg Cho

သူမဟာ ဂီတကို ရူးသွပ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာလည်း ချမ်းမြေ့မောင်ချိုက 1st runner ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနုပညာလောကဘက်ကို ခြေလှမ်းစတင်လာတဲ့အချိန်မှာတော့ အများကြီးပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။

‘’ပြိုင်ပွဲတွေပြီးသွားလို့ အပြင်လောကမှာ စပြီးရပ်တည်တဲ့အချိန်မှာ ဖိအားတွေကို မခံနိုင်ဘူး။ ဘာမှလည်း မပြင်ဆင်ခဲ့ဘူး၊ ပြီးတော့ ကိုယ်ရောက်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်နေခဲ့ဖူးတဲ့ ပတ်ဝန်းကျင်က ဘာမှ မဆိုင်တော့ဘူး။ သက်သက်စီဖြစ်သွားတဲ့အချိန်မှာ စိတ်တွေက မခံနိုင်ဘူး။’’ လို့ သူကဆိုပါတယ်။

Photo: Chan Myae Mg Cho

ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်နေတဲ့ အချိန်မှာလည်း ဝေဖန်မှုများစွာကို ကြုံတွေ့ခဲ့ရသူပါ။ ဖြစ်တည်လာတဲ့ အောင်မြင်မှုနဲ့ ဝေဖန်မှုတွေက တိုက်ရိုက်အချိုးကျတဲ့ အပေါ်မှာလည်း အရမ်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်တဲ့။

‘’ အောင်မြင်နေလည်း ကိုယ်က မပျော်ဘူူး။ ဘာကြောင့်လဲဆိုတော့ ဝေဖန်နေကြတာကို။ ဝေဖန်မှုထက် အောင်မြင်မှုက ပိုများရင်တော့ ခံနိုင်ရည်ရှိတာပေါ့။ အောင်မြင်မှုနဲ့ ဝေဖန်မှုက တစ်ထပ်တည်းကျနေတဲ့ အချိန်မှာ မပျော်တော့ဘူး။ အရင်တုန်းကဆိုရင် တစ်ပတ်နှစ်ပတ်လောက်က နေ့တိုင်းငိုနေရတာ။ ပြန်စဉ်းစားကြည့်တော့လည်း ရှေ့ဆက်လျှောက်ရမယ့်လမ်းက ရှိနေသေးတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် ၊ ကိုယ်ချစ်တဲ့အလုပ်ဖြစ်တဲ့အတွက် ဆက်လုပ်နေဦးမှာပဲ’’ လို့ သူကဆိုပါတယ်။

Photo: Chan Myae Mg Cho

ချမ်းမြေ့မောင်ချိုကိုတော့ Myanmar Idol (Season 3) ရဲ့ သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဝါရင့်အဆိုတော် အိအိ ရဲ့ သမီးငယ်လေးဖြစ်သလို၊ သရုပ်ဆောင် သူရမောင်ချိုရဲ့ ညီမငယ်လေးလည်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သီချင်းဆို ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဖျော်ဖြေပွဲတွေ သီဆိုနေရတာဖြစ်သလို ‘’အိပ်မက်’’ ဆိုတဲ့ Single Song လေးလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က