အဆိုတော်တွေရော၊ သရုပ်ဆောင်တွေရော အများကြီး ပါဝင်ထားပါတယ်။

ရောသမမွှေ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရဲရင့်အောင်၊ ဖွေးဖွေးနဲ့ လွှမ်းပိုင်တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Project K အဖွဲ့လည်း ပါဝင်သရုပ်သွားမယ်လို့ သိရပါတယ်။

‘’ရောသမမွှေ’’ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတော့ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပြီး M3 စားသောက်ဆိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကျော်အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။



‘’ရောသမမွှ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖွေးဖွေး၊ရဲရင့်အောင်နဲ့ လွှမ်းပိုင်တို့ရဲ့ ဒုတိယမြောက် ပြန်လည် ဆုံတွေ့မှုကို မြင်တွေ့ရဦးမှာပါ။ ဒီလို ပြန်ဆုံကြတဲ့အပေါ်မှာလည်း ဖွေးဖွေးရဲ့ သဘောထားကိုမီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ငါ့ကိုနမ်းတဲ့ မုန်တိုင်းမှာတုန်းက ရဲရင့်အောင်ရော၊ လွှမ်းပိုင်ရော၊ ဖွေးရော အရမ်းငိုနေရတာ။ ငါတို့ သုံးယောက်စလုံး ဟာသကားလေးရိုက်ရရင်ကောင်းမှာပဲ ဆိုပြီးတော့ ပြောခဲ့ဖူးသေးတယ်။ ဖွေးရဲ့ ကာရိုက်တာနာမည်က အိုပါးဆန်။ ဒီဇာတ်ကားအတွက် ပြင်ဆင်မှုကတော့ အဝတ်အစားက ကိုယ့်ဘာသာကိုယ်စီစဉ်တယ်။ ပုဂံအဝတ်အစားတွေကတော့ ကုမ္ပဏီဘက်က စီစဉ်ပေးပါတယ်။ ဒီဇာတ်ကားမှာက အချစ်လည်းပါတယ်။ ဟာသတွေလည်းပါတယ်။’’ လို့ သူကဆိုပါတယ်။

ဒီဇာတ်ကားထဲမှာ ဖြူဖြူထွေးကလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ စီနီယာအနုပညာရှင်တွေနဲ့ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း စိတ်လှုပ်ရှားမှုတွေရှိတယ်လို့ သူကပြောပါတယ်။

‘’ ဒီကာရိုက်တာလေးနဲ့ လိုက်တယ်ဆိုတာနဲ့ပဲ သရုပ်ဆောင်ဖို့ လက်ခံဖြစ်လိုက်တာပါ။ စီနီယာသရုပ်ဆောင်ကြီးတွေနဲ့ အတူတွဲသရုပ်ဆောင်ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေမရှိသေးဘူး။ အားနည်းချက်တွေလည်း အများကြီးရှိတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ သရုပ်ဆောင်ရလို့ လွဲချော်တာတွေရှိရင် အရမ်းအားနာမိတယ်။ ဒါပေမယ့် ကိုသားစိုး တို့ကလည်း မရဘူးတဲ့ သရုပ်ဆောင်ပါ ဆိုတာနဲ့ ပါဝင်ဖြစ်သွားတာပါ’’ လို့ ဆိုပါတယ်။

‘’ရောသမမွှေ’’ရုပ်ရှင်ဇာတ်ကားထဲမှာတော့ လူငယ်အဆိုတော်အဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ပါဝင်သရုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလည်း ထက်ဘုန်းနိုင်၊ ဟိန်းရာ နဲ့ ရဲရင့်သော်တို့က အခုလို ပြောပြလာပါတယ်။

‘’ ဒီဇာတ်ကားမှာ ကျွန်တော်တို့က အပြင်က Project K ပုံစံအတိုင်းပဲ သွားတာပါ။ အဲဒါကိုမှာ တချို့ Fan တွေ ပုံစံမျိုး လုပ်ထားတာဆိုတော့ ထွက်လာရင်တော့ အားပေးကြပါ။ ဒီဇာတ်ကားထဲမှာ ပါဝင်ဖြစ်တာကလည်း သရုပ်ဆောင်နဲ့ပတ်သက်ပြီး ဝါသနာပါတာတွေလည်းရှိတယ်။ အခွင့်အရေးရတုန်းလည်း ကြိုးစားကြည့်ချင်တယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၄ ရက်နေ့မနက်ပိုင်းက ‘’ရောသမမွှေ’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ရောသမ မွှေ’’ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဆောင်းညပြာသိုရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်ညွှန်းအဖြစ် ရွှေမိုးသက်က ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ‘’ရောသမမွှေ’’ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် လွှမ်းပိုင်၊ ရဲရင့်အောင်၊ ရဲလေး၊ Project K ၊ မိုးမိုး၊ သားစိုး၊ စိန်ဝင်းထွန်း၊ ဂျိုကာ၊ ခင်လှိုင်၊ ဖွေးဖွေး၊ ဖြူဖြူထွေးနဲ့ အနော တို့က အဓိက သရုပ်ဆောင်တွေ အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က