COVID-19 ကာလမှာ ဈေးသည်တွေရဲ့ အခက်အခဲကို ပြောပြလာပါတယ်။
Sabal Thwin

အေးမြတ်သူကတော့ ဈေးရောင်းရတဲ့ ဘဝကနေ သရုပ်ဆောင် တစ်ယောက်ဖြစ်လာတာကြောင့် COVID-19 ကာလမှာ ဈေးသည်တွေရဲ့ အခက်အခဲကို ပိုနားလည်တယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် အေးမြတ်သူက I Do Nation” အဖွဲ့ နဲ့ ပူးပေါင်းပါဝင်ကာ ဈေးသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ဆောင်သွားမယ့် သွားမယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ဈေးရောင်းခဲ့ဖူးသူ ဖြစ်တာကြောင့် ဈေးသည်တွေရဲ့ ဘဝကို နားလည်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ COVID-19 ကာလအတွင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ အများဆုံး ရင်ဆိုင်နေရတဲ့ လူတွေထဲမှာ ဈေးသည်တွေကလည်း အများဆုံးပါဝင်နေတယ်။ အဲဒီအထဲမှာ ခေါင်းရွက် ဗျက်ထိုးနဲ့ ပျံကျ ဈေးသည်တွေကို အဓိက ထားပြီးတော့ လှူဒါန်းပေးတယ်။ အေးမြတ်သူက အရင်တုန်းက ဈေးသည်ပါ။ အထည်ရောင်းလာခဲ့တာကိုး။ ရပ်ကွက်ဈေးမှာ ရောင်းတာဖြစ်တဲ့အတွက် ဈေးသည်တွေရဲ့ လူနေမှုဘဝကို ပိုနားလည်တယ်။ ပိုလည်း နီးစပ်တယ်။ ဈေးသည်တွေရဲ့ ဘဝကို ပိုနားလည်တယ်။ ကိုယ်တိုင်ကလည်း အခြေခံလူတန်းစားထဲကမှ သရုပ်ဆောင် တစ်ယောက်ဖြစ်တာပေါ့။ ဈေးသည်တွေဆိုတာ တစ်နေ့ဝင်ငွေနဲ့ စားသုံးရတဲ့ သူတွေ ပိုများတယ်” ဆိုပြီးတော့ မေလ ၁၉ ရက်နေ့က I Do Nation ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

အေးမြတ်သူဟာ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင်က အထည်ရောင်းတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်ခဲ့ရသူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးသည်ဘဝကို ဖြတ်သန်းလာခဲ့ဖူးသူ ဖြစ်တာကြောင့်လည်း စျေးသည်တွေကို ကိုယ်ချင်းစာမိတယ်တဲ့။

“ လက်ရှိ အနေအထားမှာ လူတိုင်း လူတိုင်းကတော့ ခက်ခဲပါတယ်။ ဒီအခက်အခဲကို အဓိက ရင်ဆိုင်နေရတာကတော့ ဈေးသည်တွေပါ။ ဒါကြောင့် ပါဝင်ကူညီပေးဖို့ ပြောချင်ပါတယ်။ ဒါကိုလည်း အေးမြတ်သူက လုပ်ပြောတာ မဟုတ်ပါဘူး။ ဈေးသည်ဘဝထဲကနေ ရှင်သန်လာတဲ့သူ ဖြစ်တာကြောင့် သူများထက်ပိုပြီးတော့ ခံစားပေးလို့ရတယ်။ အေးမြတ်သူတို့လည်း အခုချိန်မှာ ခက်ခဲ ကြပ်တည်းပါတယ်။ ဒါပေမယ့် နည်းနည်း စုမိဆောင်းမိရှိတော့ အဆင်ပြေတယ်။ ဒါကလည်း ဘယ်လောက် ခံမှာ မို့လို့လဲ။ လုပ်ငန်းရှင်တွေလည်း ကြပ်တည်းကြတာပဲ။ ဒါပေမယ့် ဒီလို ထိခိုက်မှုတွေထဲမှာမှ ဈေးသည်တွေက ထိခိုက်မှု အများဆုံး စာရင်းထဲမှာပါနေတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။  

ဒါကြောင့်လည်း “I Do Nation” အဖွဲ့ကပြုလုပ်တဲ့ COVID-19 ကာလမှာ ဈေးသည်ပေါင်း (၇၀၀၀)ကျော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ Covid-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းသွားမယ့် အစီအစဥ်မှာ သူမအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း သူမက COVID-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် အကူအညီတွေ၊ အလှူအတန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က