သရဲ ၂ ခါ အခြောက်ခံခဲ့ရတာပါ။

ခင်လှိုင်တစ်ယောက် သရဲ နှစ်ခါခြောက်ခံခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ သူနဲ့အတူ ဇနီးဖြစ်သူရယ်၊ ဦးမိုးဒီရယ်၊ ဦးစိန်ရိုးရယ် ပါပေမဲ့ သူတစ်ယောက်တည်း သရဲခြောက်ခံခဲ့ရတာပါ။

Photo: Khin Hlaing



သရုပ်ဆောင်ခင်လှိုင်က ဟိုးအရင်တုန်းက သရဲခြောက်ခံရတာကြောင့် အရမ်းကြောက်လန့်ခဲ့ရတဲ့ အကြောင်းကို ဇူလိုင်လ ၉ ရက်နေ့ “ခေါ်သံ’’ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်က တော်တော်လေးကြာခဲ့ပြီလို့ ခင်လှိုင်က ပြောပါတယ်။ ခင်လှိုင်၊ မိုးဒီ၊ မော့စ်၊ တိမ်ညွန့်၊ စိန်ရိုး၊ ကောင်းစံတို့ လူရွှင်တော်တစ်စုက ဇာတ်မင်းသား တင်မိုးဝင်းအဖွဲ့နဲ့ တွံတေးဘက်က ဓနုတ်နတ်ဘုရားပွဲကို ပွဲကဖို့ သွားရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုပါတယ်။

“ကျွန်တော်က အဲဒီဇာတ်မှာ ဧည့်သည်အနေနဲ့ဝင်ပါရတာပေါ့။ ကျွန်တော်တို့က ည ၇ နာရီမှ ရောက်တာဆိုတော့ ပွဲကမယ့်နေရာနဲ့မလှမ်းမကမ်းမှာရှိတဲ့ ဓမ္မာရုံမှာ နားပါဆိုလို့ နားနေတာ.. ထမင်းလည်း အဲဒီမှာပဲစားတော့ ဆရာဦးစိန်ရိုးက အရိုးတွေကို လွှင့်ပစ်တတ်တယ်။ ဆရာ..ညဘက်ကြီး အဲဒီလို မပစ်ရဘူး။ မကောင်းဆိုးဝါး ဘာညာဖြစ်တတ်တယ်ဆိုပြီးပြောတော့ ဆရာက မင်းကလည်း ငါ့ထက်တောင်ပိုပြီး အယူသီးနေသေးတယ်ဆိုပြီး ပြောတယ်” လို့ အစချီလို့ ခင်လှိုင်က ပြောပြပါတယ်။

အဲဒီနောက် ဦးစိန်ရိုးတို့ပွဲကဖို့ သွားတဲ့အချိန်မှာ ဦးမိုးဒီနဲ့ ခင်လှိုင်တို့ဇနီးမောင်နှံ ကျန်ခဲ့တယ်လို့ဆိုပါတယ်။ ခင်လှိုင်က တစ်ရေးနိုးလို့ အလေးသွားချင်တာနဲ့ အိမ်သာသွားတဲ့အချိန်မှာတော့ ရယ်သံတွေ စတင်ကြားခဲ့ရပါတယ်။

“အဲဒီက အထပ်သားအဟောင်းတွေက ရေနံချေးသုတ်ထားတော့ မီးတုတ်လုပ်ပြီး အိမ်သာတက်နေတာ အိမ်သာတက်နေတဲ့အချိန် ရယ်သံတွေကြားရတာ။ အဝေးကြီးကနေ။ ကျွန်တော်ထင်တာက သြော် ကျွန်တော့်အမျိုးသမီးကို ဦးမိုးဒီ ရယ်စရာတွေပြောနေလို့ ရယ်နေတယ် ထင်တာ။ တဖြည်းဖြည်းနဲ့ရယ်သံတွေက နားထဲကိုရောက်လာရော ဝေါခနဲပဲ။ အရမ်းကြောက်လာလို့ ကြက်သီးတွေ တအားထလာတာ။ ခေါင်းနပမ်းတွေ ကြီးလာတာ။ သန့်ရှင်းရေးတောင်မလုပ်နိုင်ဘူး။ ထွက်ပြေးရတယ်” တဲ့။

Photo: Khin Hlaing

ကြောက်ကြောက်လန့်လန့်နဲ့ ပြန်လာတဲ့ ခင်လှိုင်က အိပ်ပျော်နေကြတဲ့ သူ့ဇနီးနဲ့ မိုးဒီကို မြင်လိုက်ချိန်မှာတော့ ခုနက ရယ်တာ သူ့ဇနီးနဲ့ မိုးဒီမဟုတ်ဘူးလို့ သိလိုက်ရတော့ ပိုဆိုးသွားခဲ့ရပါတယ်။ သန့်ရှင်းရေးက မလုပ်ခဲ့ရသေးတော့ ဇနီးကိုနှိုးပြီး သန့်ရှင်းရေးပြန်လုပ်ခဲ့ရတယ်လို့ ခင်လှိုင်က ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။ ဒါပေမဲ့ သူ သရဲခြောက်ခံရတာက အဲဒါနဲ့တင် ရပ်မသွားခဲ့ပါဘူး။

‘’ကျွန်တော်တို့ဦးမိုးဒီတို့ အိပ်ပျော်သွားတဲ့အချိန်မှာ ဦးစိန်ရိုးတို့က ပြန်ရောက်လာရော။ လာတော့တဲ့ ပွဲကရတော့မယ်တဲ့ ၁၁ နာရီထိုးတော့မယ်ဆိုတော့လန့်ဖြန့်ပြီး နိုးလာတဲ့အချိန်မှာ ကျွန်တော်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က ရေကန်ပြင်မှာ ထိုင်နေတယ်။ ဖိနပ်ချွတ်နေရာလေးမှာ။ သြော် ပွဲလာကြိုတဲ့သူတွေပဲလို့ကျွန်တော်က ထင်ပြီးတော့ အိပ်ချင်မူးတူးနဲ့ထပြီးတော့ သူတို့ထိုင်နေတဲ့နေရာမှာ အမှှတ်တမဲ့ပဲ ဖိနပ်ကြိုးချည်နေရင်းနဲ့ စဉ်းစားကြည့်တော့ ခုနက ဒီနေရာမှာလူနှစ်ယောက်ရှိတယ်ပေါ့။ အခုဘယ်ရောက်သွားလဲ မသိဘူးပေါ့။ သူတို့ ထသွားတာလား ငါအိပ်ချင်မူးတူးဖြစ်နေတာလားဆိုပြီး လမ်းသွားတော့ ဆရာဦးစိန်ရိုးကိုမေးလိုက်တယ်။ ဆရာတို့…ခုနကလာတုန်းကပွဲကြိုနှစ်ယောက် ပါလာလားလို့မေးတော့ မပါပါဘူး။ ငါတို့ချည်းပဲ ဆိုတော့ ခုနက နှစ်ယောက်တွေ့တယ်ဆိုပြီး ကျွန်တော်လည်းပြေးတော့ ဦးမိုးဒီရော၊ ဦးစိန်ရိုးရော အကုန်ပြေးကြတာ” လို့ ခင်လှိုင်က ပြောပြခဲ့ပါတယ်။ 

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက ၂၅ နှစ် ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူကိုယ်တိုင် ဒါရိုက်တာ တစ်ယောက်အဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရှိနေတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က