ဝေဖန်သူတွေလည်း မုဒိတာ ပွားနိုင်ပါစေလို့ ပြောပါတယ်။
Sabal Thwin

ငြိမ်းချမ်းဟာ COVID-19 ကြောင့် အနုပညာအလုပ်တွေ မလုပ်ရတဲ့ အချိန်မှာ ခေါက်ဆွဲသုတ် ရောင်းရင်း မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။ 

Photo: Nyein Chan

သရုပ်ဆောင် ငြိမ်းချမ်းကတော့ COVID-19 ကာလမှာ မိသားစု စားဝတ်နေရေးအတွက် ခေါက်ဆွဲသုတ်ရောင်းနေရတယ်လို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်းရတာ မရှက်ဘူးလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ခေါက်ဆွဲသုပ်ကလည်း တစ်ခါမှ မရောင်းဖူးတော့ တကယ့် တကယ်ရောင်းတဲ့အချိန်မှာ လက်မှန်းက မတည့်တာတို့၊ ငန်သွားတာတို့ တော့ ကြုုံတာပေါ့။ ဒါတွေက နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။ အနုပညာရှင်တွေ အနေနဲ့ ဈေးပဲရောင်းရောင်း၊ ဆိုက်ကားပဲ နင်းနင်း မည်သူမဆို မိသားစု စားဝတ်နေရေးအတွက်တော့ လုပ်ကြရမှာပဲလေ။ အနုပညာအလုပ်တွေကို လုပ်ခွင့်မရတဲ့အချိန်မှာ ဝင်ငွေ မရှိတဲ့အတွက် ဈေးရောင်းရတာပါ။ ဒါကို လိုက်ပြီးပြောနေမယ် ဆိုရင် သူတို့လည်း လာမကျွေးနိုင်ဘူး။ အမြဲတမ်း ပံ့ပိုးပေးမလား။ ဈေးရောင်းတယ်ဆိုတာ သမာအာဇီဝ အလုပ်ပဲလေ ရှက်စရာမှ မလိုတာ” ဆိုပြီးတော့ မေလ ၂၁ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို ရောက်လာရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Nyein Chan

ပရိသတ်တွေ အနေနဲ့ ဈေးရောင်းနေရတဲ့ အနုပညာရှင်တွေကို အားပေးစကား ပြောပေးစေချင်တယ်လို့လည်း ငြိမ်းချမ်းက ဆိုပါတယ်။ဝေဖန်သူတွေ အနေနဲ့လည်း မုဒိတာ ပွားစေချင်တယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ အနုပညာသမားတွေ အားမငယ်ကြပါနဲ့ အခုလို ဈေးရောင်းနေကြရတဲ့အတွက် စိတ်က မကောင်းဘူး။ ဒီအနုပညာအလုပ်တွေ မြန်မြန်ပြန်လုပ်ပြီးတော့ အလုပ်တွေ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် ဆိုတဲ့ စကားလေးတွေ ပြောရင် ပိုမကောင်းဘူးလား။ အနုပညာသမားတွေက ဈေးရောင်းစားတယ် ကျွန်မ တို့က ဘာလုပ်စားရမှာလဲ ရုပ်ရှင်ရိုက်ရတော့မလား ဆိုတာတွေ ပါလာတော့ အနုပညာရှင်တွေ ဆိုတာက တစ်နိုင်ငံလုံးကို ဖျော်ဖြေနေတဲ့ ပညာရှင်တွေ ဖြစ်တဲ့အတွက် သူတို့က စိတ်မကောင်းဖြစ်ရမှာပါ။ ဒီအနုပညာအလုပ်တွေ မလုပ်ရတော့ ကျွန်မတို့လည်း ဖျော်ဖြေရေးလေးတွေ မကြည့်ရတဲ့အတွက် စိတ်မကောင်းဘူး။ အားလုံး အဆင်ပြေကြပါစေလို့ ပြောရရင်ရော မင်္ဂလာမရှိဘူးလား။ မုဒိတာ ပွားစေချင်တာပေါ့နော်” လို့ သူက ပြောပါတယ်။ 

Photo: Nyein Chan

ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ " သောက်မလား ကို့ ... ရေခဲရေ .. ရေခဲရေ" ဆိုတဲ့ သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က