သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

ဇာဂနာကတော့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဈေးရောင်းနေကြရသူတွေ အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Zarganar



Covid-19 ကာလမှာ စားဝတ်နေရေးအတွက် ဈေးရောင်းနေကြတဲ့သူတွေအပေါ် ဇာဂနာက သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ တစ်သက်လုံး ရောင်းနိုင်မှာ မဟုတ်တဲ့အကြောင်းကိုလည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ဈေးရောင်းတာ ဓားပြတိုက်တာမှ မဟုတ်တာ။ သူ့အိမ်ပေါ်တက်ပြီး သူ့နှမ တက်ဆွဲနေတာလည်း မဟုတ်ဘူး။ ကျွန်တော်လည်း မရောင်းတက်ဘူးလေ။ ဟင်းလည်း မချက်တတ်ဘူး။ စားပဲ စားတတ်တာ။ ဈေးရောင်းတာ သူများပစ္စည်းခိုးတာလည်း မဟုတ်ဘူး။ ဒါကလည်း ရေရှည်မဟုတ်ဘူး ရေတိုပဲ ဖြစ်မှာပေါ့။ အခိုက်အတန့်ပဲလေ။ တစ်သက်လုံးလည်း ချက်မရောင်းနိုင်ပါဘူး။ အလွန်အကျွံလုပ်လည်း နောက် (၃) လပေါ့။ စားမယ့်လူ မရှိရင် ရပ်သွားမှာပဲလေ ရှင်းပါတယ်” ဆိုပြီးတော့ မေလ ၂၇ ရက်နေ့က အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Zarganar

Covid-19 ကာလမှာ အခက်အခဲ ကြုံနေရတာကတော့ လူတိုင်းပါပဲလို့ ဇာဂနာက ပြောပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ဆိုတာလည်း ပိုက်ဆံရှိမှ ရမယ်လို့လည်း သူက ဆိုပါတယ်။ 

“ အခုချိန်မှာ အထိနာတာက တစ်နိုင်ငံလုံး နာတာပါ။ တစ်ကမ္ဘာလုံးနာတာ။ အနုပညာရှင်မှ ပိုပြီးတော့ နာတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဖျော်ဖြေရေးလုပ်ငန်းတွေဆိုတာကလည်း ပိုက်ဆံပိုမှ လာမှာလေ။ ဒီဥစ္စာက တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်တဲ့ ပစ္စည်းမှ မဟုတ်တာ ဒီလောက်တော့ နာမယ်” ဆိုပြီးတော့လည်း ဆက်လက် ပြောပြထားပါသေးတယ်။ ဇာဂနာက အနုပညာနဲ့ ပတ်သက်လာရင် ရုပ်ရှင်၊ သဘင်၊ ဂီတ (၃) ခုစလုံးမှာ အနုပညာအလုပ်တွေ လုပ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် မေလ(၂၇) ရက်နေ့က ရုပ်ရှင်၊ သဘင် နဲ့ ဂီတ သက်ကြီးရွယ်အိုတွေ အတွက် အလှူငွေ စုစုပေါင်း(၁၆၅) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် Covid ကာလမှာ တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

Photo: Zarganar

ဇာဂနာကတော့ အနုပညာလောကထဲကို လူရွှင်တော် တစ်ဦးအနေနဲ့ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင် လောကထဲကို ဝင်ရောက်ရင်း ဇာတ်ကားတွေ လည်းအများကြီးရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ ဂီတလောကမှာ ဆိုရင်တော့ ကိုယ်တိုင် သီချင်းရေး၊ သီချင်းဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က