အိမ်ထောင်ရေးမှာ ကံကောင်းတဲ့သူပါ။
Sabal Thwin

ဆန်းသစ်လကတော့ အိမ်ထောင်ရေးမှာ ကံကောင်းနေသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် ကလေးယူဖို့လည်း စဉ်းစားထားတယ်လို့ သူကပြောပါတယ်။

Photo: san thit la

အဆိုတော် မော်ဒယ် ဆန်းသစ်လတို့ရဲ့ အိမ်ထောင်ရေးကတော့ အခုဆိုရင် ၇ လ ရှိပြီဖြစ်ပါတယ်။ အိမ်ထောင်သက် ၂၀၂၀ အတွင်းမှာတော့ ရင်သွေးလေးယူဖို့ စဉ်းစားထားတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ အိမ်ထောင်ကျတာ တစ်နှစ်၊ တစ်နှစ်ခွဲလောက်ဆိုရင် ရင်သွေးယူဖို့အတွက် တိုင်ပင်ထားကြတယ်။ ဒီနှစ်ကုန် နောက်နှစ်ဆန်းလောက်မှာတော့ ရင်သွေးလေး ယူဖို့ တိုင်ပင်ထားတယ်။ ကလေး ၂ ယောက်လောက်ယူဖို့တော့ စဉ်းစားထားတယ်။ သူတို့ကိုလည်း နိုင်နိုင်နင်းနင်းနဲ့ ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်နိုင်မယ်လို့ထင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: san thit la

လက်ရှိမှာတော့ သူမက ခင်ပွန်းဖြစ်သူနဲ့ အတူ ကိုယ်ပိုင်စီးပွားရေး လုပ်နေတာ ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း အိမ်ထောင်ရှင်မ ဘဝမှာ အရမ်းပျော်နေတယ်လို့ ဆိုပါတယ်။

‘’ ကိုယ် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တာကလည်း ကိုယ့်ရဲ့ ဒီ အိမ်ထောင်ရေးဘက်မှာ အရမ်းအဆင်ပြေသွားတာလည်း ပါတယ်ပေါ့နော်။ ညီမအိမ်ထောင်ဘက်ကလည်း ညီမအပေါ်အရမ်းကောင်းတယ်။ သူ့မိသားစုကလည်း ကိုယ့်အပေါ်အရမ်းကောင်းတယ်။ ကိုယ့်အတွက် ပျော်ရွှင်မှု အသစ်တစ်ခု ထပ်ရလိုက်တယ်။အဲဒီဘက်မှာ အရမ်းပျော်နေတော့ အလုပ်တွေတောင် သိပ်မလုပ်ဖြစ်ဘူးဖြစ်သွားတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးပြောရရင်တော့ ဆန်းသစ် အရမ်းကံကောင်းပါတယ်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: san thit la

လူငယ်အများစုရဲ့ အိမ်ထောင်ရေးတွေက မမြဲတာကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဆန်းသစ်လ တို့ အိမ်ထောင်ရေးကတော့ ပရိသတ်တိုင်း အားကျစရာကောင်းတဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်နေခဲ့တဲ့အကြောင်းကိုလည်း သူကပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဒါကတော့ မိန်းကလေးတစ်ယောက်က ကံနဲ့လည်းဆိုင်မယ်လို့ထင်ပါတယ်။ အိမ်ထောင်မှုတစ်ခုမှာ ပြောင်းလဲသွားတာတွေက များတယ်။ အိမ်ထောင်ရေး ကံကောင်းတယ်၊ကံမကောင်းဘူးဆိုတာကတော့ ရွေးချယ်မှုနဲ့လည်းဆိုင်ပါတယ်။ အစကတည်းက ဒီလူသည် ဖြစ်နိုင်လား မဖြစ်နိုင်လား စဉ်းစားပေါ့ ဒါက ၅၀ ရာခိုင်နှုန်းလောက် သက်ဆိုင်တာပေါ့နော်။  ကိုယ့်ဘက်က မေတ္တာအစစ်ပေးရင် မေတ္တာအစစ်ပြန်ရမယ်ထင်ပါတယ်’’ လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: san thit la

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က