ပထမဆုံးအကြိမ် သင်္ကြန်ကို မန္တလေးမှာ IC အဖွဲ့ နဲ့ အတူသီဆိုခဲ့ရတဲ့ အမှတ်တရ၊ Water Party ရေပါတီ သီချင်းကြောင့် ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရ။

ဖြူဖြူကျော်သိန်းအတွက်တော့ မမေ့နိုင်စရာ သင်္ကြန်အမှတ်တရလေးတွေက အများကြီးပါ။ ဒီအမှတ်တရတွေထဲမှာမှ ပထမဆုံးသင်္ကြန်ဖြတ်သန်းမှုနဲ့ သူမရဲ့ ကိုယ်ပိုင် သင်္ကြန်သီချင်းလေးတွေအကြောင်း ပြောပြလာပါတယ်။

Photo: Phyu Phyu Kyaw Thein

အဆိုတော် ဖြူဖြူကျော်သိန်း သူမအတွက် မမေ့နိုင်စရာ သင်္ကြန်အမှတ်တရတွေကို ပြောပြလာပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ပထမဆုံးသင်္ကြန်ကျဖူးတဲ့ အတွေ့အကြုံလေးကလည်း သူမအတွက် ကြည်နူးစရာကောင်းတယ်ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’အဆိုတော်အနေနဲ့ ပထမဦးဆုံး သင်္ကြန်ကိုဖြတ်သန်းတာ Iron Cross တီးဝိုင်းနဲ့ ကျုံးမြောက်ဘက်မှာ။ အဲဒီတုန်းကဆိုရင် လုံးဝ မသက်ဆိုင်တော့ပါဆိုတဲ့ သီချင်းကို Audio လေးပဲ ထွက်သေးတာ။ သီချင်းလည်းအများကြီးရှိသေးတာ မဟုတ်ဘူး။ မန္တလေးပရိသတ်က လိုလေး လိုလေး သီချင်းကတည်းက အားပေးကြတာဆိုတော့ အမြဲအမှတ်တရ ဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyu Phyu Kyaw Thein

အဲဒီနောက် သင်္ကြန်အခါရောက်လာပြီဆိုရင်တော့ ဖြူဖြူ့ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေရဲ့ကြားမှာ အောင်မြင်မှု အများဆုံးဖြစ်ပါတယ်။ သူမအတွက် မမေ့နိုင်စရာ အမှတ်တရဖြစ်မယ့် သင်္ကြန်သီချင်းလေးတွေ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

‘’အမှတ်တရအဖြစ်ဆုံးပြောမယ်ဆိုရင်တော့ သင်္ကြန်သီချင်းပေါ့နော် Water Party ရေပါတီက ဖြူဖြူ့အတွက် ဒုတိယအကြိမ် ‘’အတွင်းကြေ’’ ဖြစ်ခဲ့ဖူးတယ်။ ကိုရွှေရေးပေးတဲ့သီချင်း ကိုယ်ပိုင်သံစဉ်လေးနဲ့ ဒါကတော့ အရမ်းအမှတ်တရဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၅ ခုနှစ်မှာပေါ့’’ လို့ မြကျွန်းသာ လမ်းလျှောက်သင်္ကြန် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Phyu Phyu Kyaw Thein

ဖြူဖြူကျော်သိန်းက သူမဘဝမှာ အဆိုတော်မဖြစ်ခင်က သင်္ကြန်ဖြတ်သန်းမှုနဲ့ အဆိုတော် ဖြစ်ပြီးနောက် သင်္ကြန်ဖြတ်သန်းမှုအကြောင်းတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။

‘’အဆိုတော်မဖြစ်ခင်တုန်းကတော့ ရိုးရိုးသာမာန် မိန်းကလေးတစ်ယောက်အနေနဲ့ ဖြတ်သန်းတာပေါ့။ ကျောင်းသူဘဝတုန်းကရော၊ ဆေးကျောင်းသူဘဝတုန်းကလည်း ကျောင်းသူဘဝလို ဖြတ်သန်းတာမျိုးတွေရှိတယ်။ အဆိုတော်ဖြစ်လာတဲ့အချိန်မှာတော့ သီချင်းဆိုပြီး ဖြတ်သန်းခဲ့ရတာ အများဆုံးပဲ။ သီချင်းမဆိုတဲ့နှစ်ဆိုလို့ ၂၀၀၅ နဲ့ ၂၀၁၇ အဲဒီ ၂ နှစ်ပဲ ဖြတ်သန်းဖူးတာရှိတယ်’’ လို့ ဆိုပါတယ်။

Photo: Phyu Phyu Kyaw Thein

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၉ ခုနှစ် သင်္ကြန်ကိုတော့ Channel K နဲ့အတူ မြကျွန်းသာလမ်းလျှောက်သင်္ကြန်မှာ သင်္ကြန် ၄ ရက်စလုံး ပါဝင်ဆင်နွှဲသွားမယ်လို့ သိရပါတယ်။



က္က