မူကြိုစတတ်နေပါပြီ။

Ivy လေး တစ်ယောက် ကျောင်းစတက်တဲ့နေ့မှာပဲ သူငယ်ချင်းအသစ်တွေရနေပြီလို့ မေမေ အေသင်က ပြောပါတယ်။ ကျောင်းမှာ မငိုတဲ့အပြင် ကျောင်းဆင်းရင်တောင် အိမ်ကိုပြန်မလိုက်ချင်ဘူးဖြစ်နေတယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: A Then Cho Swe



ပရိသတ်အချစ်တော် Ivy လေးကတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ မူကြိုစတက်နေပြီလို့ သိရပါတယ်။ သူ့ကိုတော့ မေမေ အေသင်က Pingus English International kindergarten Myanmar ကျောင်းမှာထားတာပါ။ Ivy လေး ကျောင်းစတက်တဲ့နေ့က အမှတ်တရတွေကိုလည်း Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ မေမေ အေသင်က အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ သူကတော့ ပျော်နေတာ အရမ်း အရမ်းပဲ။ အိမ်ကိုတောင် သူက ပြန်မလိုက်ချင်တော့ဘူး။ သူ့ကို ကျောင်းသွားအပ်တဲ့နေ့ကတည်းက သူက ကျောင်းခန်းထဲ ဝင်ကြည့်လိုက်သေးတယ်။ သူ့ကို ပြန်ခေါ်တော့ ငိုတယ်၊ မပြန်ချင်ဘူး။ ကျောင်းစတက်တဲ့နေ့တုန်းကလည်း သူလာတော့ ဆရာမက ထွက်ခေါ်၊ သူကလိုက်သွား ကိုယ့်ကို ပြန်တောင် လှည့်မကြည့်ဘူး သူက။ သူ အဆင်ပြေရဲ့လား ဆိုပြီးတော့လည်း ခဏခဏ သွားကြည့်သေးတယ်။ သူက သူငယ်ချင်းတွေဘာတွေရပြီး ဆော့တောင်ဆော့နေလိုက်သေးတယ်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: A Then Cho Swe

Ivy လေးဟာ ကျောင်းစတက်တဲ့နေ့မှာပဲ ကျောင်းမှာရှိတဲ့ ဆရာဝန်နားကြပ်လေးကို သူ့လည်ပင်းမှာ ချိတ်ဆွဲခဲ့ပါတယ်။ ဆရာဝန်နားကြပ်လေးကိုလည်း Ivy က အရမ်းနှစ်သက်တယ်လို့ အေသင်ချိုဆွေက ဆက်လက် ပြောပြခဲ့ပါသေးတယ်။

‘’သူ နေမကောင်းဖြစ်တုန်းက ဆရာဝန်သွားပြတော့ သူ မှတ်ထားတာ ထင်တယ်။ ဆရာဝန်တွေ့လို့ရှိရင်လည်း သူက နားကြပ်ကိုယူတယ်။ ပြီးရင် ဆရာဝန်ကို သူက ပြန်စမ်းတယ်။ အကျင့်လေးက အဲဒီလိုပဲ ဆေးခန်းသွားပြရင်လည်း အဲဒီလိုပဲ။ အခုကျတော့ သူ့အကြိုက်ဖြစ်သွားတာပေါ့။ သူက အိမ်မှာဆိုလည်း စူးစမ်းချင်တဲ့ပုံစံ၊ ပြီးတော့ မျက်စိပွင့်၊ နားပွင့် သဘောမျိုးနေချင်တဲ့ပုံမျိုးရှိတယ်။ သူ့ အဘွားကလည်း ငါ့ မြေးလေး ကျောင်းသွားရင် ငိုမယ်ထင်တာ ဒါပေမယ့် သူက အေးဆေးပဲ၊ လူလည်းမကြောက်ဘူး အချေလေးပေါ့။ ချေကလည်း ချေသေးတယ်’’လို့ ဆိုပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေဟာ Ivy လေးရဲ့ အကြောင်းတွေကိုလည်း မူကြိုဆရာမတွေဆီက ပြန်ကြားရသေးတယ်တဲ့။ Ivy မှာ သူငယ်ချင်းတွေလည်း ရနေပြီလို့ ပြောပါသေးတယ်။

‘’ သူက အခုမှ ကျောင်းစတက်တဲ့အချိန်ဆိုတော့ ဆော့ပဲ ဆော့ချင်နေတယ်တဲ့။ အဆော့ကိုပဲ ပိုအားသန်နေတယ်ပေါ့နော်။ ဒါပေမယ့် လိမ္မာတယ်တဲ့။ ငိုလည်း မငိုဘူး၊ ဂျီလည်းမကျဘူး။ ဆရာမ စကားတွေကိုလည်း နားထောင်တယ်လို့တော့ ပြန်ပြောတယ်။ သူငယ်ချင်းအသစ်တွေကတော့ သူ ရနေပြီ။ ဆရာမ နောက်ကိုပဲ သူလိုက်တယ်။ သိပ်တော့ မစိမ်းဘူးပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေသိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က