ကွယ်လွန်သွားတာ ၁၂ နှစ်ရှိပြီဖြစ်ပေမဲ့ အခုချိန်ထိ မမေ့နိုင်ကြပါဘူး။

ဒီနေ့(ဇူလိုင်၁၁ရက်)က သရုပ်ဆောင် ဒွေး(ခ) ကိုသားကြီး အားလုံးကို ခွဲခွာ နှုတ်ဆက်သွားတဲ့နေ့လေးပါ။ ကွယ်လွန်သွားတာ (၁၂) နှစ်တိတိပြည့်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ထက်တိုင် ရှင်သန်နေဆဲ အနုပညာရှင်တစ်ဦးပါ။

 

ဒွေး ဆိုခဲ့တဲ့ “ဘယ်တော့မှမမေ့ဘူး” ဆိုတဲ့ သီချင်းအတိုင်း သူ့ကို ချစ်တဲ့ ပရိသတ်တွေ၊ အနုပညာရှင်ေ တွအားလုံး ယနေ့ထက်တိုင် သူ့ကို သတိရနေဆဲပါ။ အားလုံးရဲ့ရင်ဘက်ထဲမှာ ရှင်သန်နေဆဲ ဖြစ်တဲ့ ဒွေးဟာ သူချစ်တဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို ဒီနေ့(ဇူလိုင်၁၁ရက်)မှာ ခွဲခွာသွားခဲ့ရတာပါ။ ဇူလိုင်မိုးစက်တွေကြားထဲမှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ဒွေးဟာ သရုပ်ဆောင် လောကမှာ ပရိသတ်များစွာတို့ရဲ့ အချစ်တွေ အခိုင်အမာရရှိခဲ့သူ၊ အောင်မြင်ခဲ့သူပါ။

ဒွေးကို အောက်မေ့နေဆဲ သတိရ လွမ်းဆွတ်နေဆဲ ပရိသတ်တွေများစွာ ရှိနေတယ်ဆိုတာ ဒီနေ့လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်က ပရိသတ်တွေရဲ့ သတိရခြင်း စာတွေက သက်သေပါပဲ။ ဒီနေ့မှာ ဒွေးကို သတိရကြောင်း ဒွေးရဲ့ သရုပ်ဆောင်မှုတွေကို လွမ်းကြောင်း ပြောထားတဲ့ စာတွေက လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန့်လို့နေပါတယ်။

အဲဒီထဲကမှ ပရိသတ်တစ်ဦးက ဒွေးမရှိတော့တာဟာ အနုပညာလောကအတွက် တံတိုင်းတစ်ခု ပြိုကျသွားသလိုပါပဲလို့တောင် ဆိုပါတယ်။

“ကိုသားကြီးကို ပထမဆုံး ရုပ်ရှင်ရုံမှာ ကြည့်ဖူးတာ မောင်မူပိုင်ရှင်ကားပါ။ အရမ်းကြိုက်ခဲ့တယ်၊နောက်ပိုင်း ဇာတ်ကားတွေလည်း တောက်လျှောက် အားပေးဖြစ်တယ်၊ အန်တီချိုပြုံး ပြောဖူးသလို ဒွေးနဲ့တူတဲ့ မင်းသား မပေါ်သေးဘူးဆိုတာ ဟုတ်ပါတယ်၊ ကိုသားကြီးက စွယ်စုံရတယ်၊ နောက်ပြီး လက်အောက်ငယ်သားတွေကိုလည်း ကြည့်ရှုစောင့်ရှောက်တယ်လို့ ကြားဖူးတယ်၊ သူဆုံးတော့ ကိုသားညီက တံတိုင်းကြီး ပြိုကျသလို ခံစားရတယ်လို့ ပြောတာ ကြားဖူးတယ်၊အမှန်ပဲ ကျွန်တော်တို့ အနုပညာ လောကအတွက်လည်း တံတိုင်းတစ်ခု ပြိုကျသွားတာပါ” လို့ ကြည့်မြင်တိုင်မှာနေတဲ့ ဒွေးရဲ့ ပရိသတ်တစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။

Photo ; သားညီ

သဘာဝမင်းသားလို့ ခေါ်ခြင်းခံရဲ့ ဒွေးဟာ စွယ်စုံရ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ မျက်လုံးတွေဟာ စကားပြောစရာမလိုဘဲသူ့ရဲ့ သရုပ်ဆောင်မှုတွေကို ဖော်ပြနေတယ်လို့ ပရိသတ်တွေ၊ အနုပညာသည် အချင်းချင်း ချီးကျူးတာတွေ ရှိခဲ့ပါတယ်။

ဒွေးရဲ့ မွေးနေ့ရောက်တိုင်း နှစ်ပတ်လည်နေ့တွေရောက်တိုင်း သူ့ကို ချစ်တဲ့ သူတွေက ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးလေ့ရှိသလို  ဒွေးရဲ့ ညီ သားညီနဲ့ ညီအစ်ကို အရင်းလို ဆရာတပည့်တွေလို နေခဲ့တဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်း၊ ဒါရိုက်တာ စတီးလ်တို့ဟာ ဒွေးအတွက် မမေ့မလျော့ဘဲ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သူတွေပါ။

Photo ; စတီး

ဒွေးကို အခုထက်ထိမမေ့နိုင်ဘဲ အိမ်မှာ ဓာတ်ပုံထားပြီးကိုးကွယ်ထားတဲ့ ဒွေးရဲ့ တပည့် စတီးလ်က လည်း ဒီနေ့မှာ ဒွေးအတွက် ဘယ်လိုကုသိုလ်တွေ ပြုလုပ်ပေးနေတယ်ဆိုတာလည်း ပြောပြထားပါသေးတယ်။

“မနက်အစောကြီး ရွှေစေတီဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်တယ်။ ကျွန်တော့်အိမ်မှာတော့ နှစ်တိုင်းလုပ်နေကြ သက်သက်လွတ် ထမင်းချက်ပြီးတော့ မိဘမဲ့ကျောင်းကို သွားပို့ပါတယ်။ သူ့ကိုသတိရ မရကတော့ ကျွန်တော့်အိမ်ကို လာကြည့်ပါ။ ကျွန်တော်က မိဘလို သဘောထားတာ။ ကျွန်တော့် အိမ်မှာ ဘုရားစင်လို လုပ်ပြီး ကိုးကွယ်ထားတာပါ။ ကျွန်တော်တို့ရဲ့ ဟိန္ဒူဘာသာအရ မိဘတွေ ဆုံးသွားရင် ကိုးကွယ်ရတယ်။ အဲဒီသဘောပဲ သူ့ကိုလည်း ဓာတ်ပုံနဲ့တကွ ကိုးကွယ်ထားတာပါ။ မနက်ဆိုရင်လည်း ဘုရားဆွမ်းကပ်ရင် သူ့ကိုလည်း ကပ်တယ်။ ဒါကတော့ နေ့စဉ်လုပ်နေတာပါ။ နှစ်စဉ်အလုပ်ကတော့ ဒီနှစ်က စပြီး ပိုက်ဆံစုတယ်၊ စုပြီးတော့ လှူတယ်။ မနှစ်ကဆိုရင်လည်း ငြိမ်းချမ်းရေးစေတီ တည်ဆောက်တဲ့နေရာမှာ ကျွန်တော် ဆယ်သိန်းလှူခဲ့တယ်။ ဒီနှစ်လည်း ကျွန်တော် လှူဖို့ စီစဉ်ထားပါတယ်။ ရှုတင်ရှိနေလို့ မလှူဖြစ်သေးတာပါ’’ လို့ သူက Duwun Media ကို ပြောပါတယ်။

Photo ; ဇွဲနိုင်ဝင်း

သရုပ်ဆောင် ဇွဲနိုင်ဝင်းကလည်း ဒွေးကို ဒီနေ့အချိန်ထိ ရှိခိုးဦးချ ကန်တော့ပြီး သတိရတမ်းတနေလျက်ရှိတယ်လို့ ဆိုပါတယ်။

 “လွမ်းတယ် အစ်ကိုရယ် (၁၂)နှစ် လို့ပြောရပေမယ့်အစ်ကို့ကို ကျွန်တော့် ရင်ထဲကနေ အမြဲတမ်း မမေ့မလျော့ဘဲ ဒီနေ့ ဒီချိန်ထိ ရှိခိုးဦးချ ကန်တော့ပြီးသတိရ တမ်းတနေလျက်ပါ အစ်ကို ။ဒီနေ့ ကျွန်တော်ရယ် ဖိုးသဲရယ် ရေ့ွှတိဂုံစေတီတော် အထက်ပစ္စယံမှာ မေတ္တာသုတ်တော်နဲ့ (၂၄)ပစ္စည်း ပဋ္ဌာန်း ဒေသနာတော်အကျယ် ကို ရွတ်ဖတ်ပူဇော်ကန်တော့ပြီး ကုသိုလ်ပြုခဲ့ပါတယ် အစ်ကို။အစ်ကို သာဓု ခေါ်ပေးနော်။သာဓု သာဓု သာဓုအစ်ကို့ကို အမြဲတမ်း သတိရခြင်းများစွာဖြင့်စိန်သားညီ၊စိန်လူသား (၁၁.၇.၂၀၁၉)” ဆိုပြီးဇွဲနိုင်ဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

 

ပရိသတ်တွေသာမက အနုပညာမောင်နှမများက ကိုသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒွေးရဲ့ နာမည်အရင်းက ထင်လင်းပါ။ ထင်လင်း(ခ)ဒွေးဟာ Y.I.T ကနေ အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒွေးဟာ ဘွဲ့မရခင်ကတည်းက ဦးလေးဖြစ်သူ ကျော်ဟိန်း နဲ့ အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာပါ။ ဒွေးဟာ သူချစ်တဲ့ မိသားစု ၊ အနုပညာကိုအလုပ်တွေ အသက် ၄၂ နှစ်အရွယ် ၂၀၁၇ခုနှစ် ၊ ဇူလိုင်(၁၁) ရက်နေ့မှာ အားလုံးကို နှုတ်ဆက်ခွဲခွာသွားခဲ့ပါတယ်။ သူဟာ ဇာတ်ကားပေါင်း ၁၀၀ ကျော်ကို ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အမေ့ခြေရာ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က