ဒီဇင်ဘာလ အတွင်းမှာ ပြုလုပ်သွားပါမယ်တဲ့။
Sabal Thwin

နာမည်ကျော် အဆိုတော် မမ ၄ ယောက်ပေါင်းပြီး ဂီတဖျော်ဖြေပွဲလေးတစ်ခု လုပ်ဖို့ စီစဉ်နေတယ်လို့ ရေဗက္ကာဝင်းကပြောပါတယ်။ သူမဟာ သီချင်းတွေ မဆိုဖြစ်တာ ၈ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။

Photo: Yuzana

အဆိုတော် မမချော ၄ ယောက်ပေါင်းပြီး Mini Concert လေးတစ်ခု လုပ်တော့မယ်လို့ ရေဗက္ကာဝင်းက ကြေညာလိုက်ပါပြီ။ အခွေအသစ်လည်း အရင်ထွက်ဦးမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’နိုဝင်ဘာလထဲမှာ မယုဇနရယ်၊ မခင်ဘုဏ်းရယ်၊ မရှင်ဖုန်းရယ်၊ ရေဗက္ကာရယ် ၄ ယောက်ပေါင်းပြီး သီချင်း အသစ်လေးတစ်ပုဒ်တင်ဖို့ရှိတယ်။ ဒီဇင်ဘာလ ထဲမှာတော့ ၄ယောက်ပေါင်းပြီး အခွေတစ်ခွေ ထွက်ဖို့ရှိတယ်။ အဲဒီလထဲမှာပဲ Mini Concert လေးတစ်ခု လုပ်ဖို့ရှိပါတယ်။’’ လို့ သူကဆိုပါတယ်။

Photo: Yuzana

Mini Concert လေးအတွက်လည်း အခုချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒီ ဖျော်ဖြေပွဲကိုတော့ ၁၂ လပိုင်းအတွင်းမှာ ပြုလုပ်သွားမယ်လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

‘’ ၄ ယောက်တွဲ Mini Concert လေးကတော့ Yangon Yangon Bar မှာပဲ လာမယ့် ခရစ္စမတ်ကျရင် ဖျော်ဖြေမှာပါ။ ပရိသတ်တွေ လာခဲ့ဖို့ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ၄ ယောက်တွဲ Mini Concert က ဒါ ပထမဆုံးလုပ်တာပေါ့နော်။ သီချင်းတွေကတော့ ၄ ယောက်တွဲ အခွေမှာ ပါတဲ့ သီချင်း ၂ ပုဒ်စီကတော့ ဆိုဖြစ်အောင် ဆိုကြမယ်။ ပြီးတော့ သီချင်းအသစ်လေးတစ်ပုဒ်လည်းပါမယ်။ ပရိသတ်တောင်းဆိုတဲ့ သီချင်းလေးတွေလည်း ပြန်ဆိုပါမှာပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက အဆိုတော် Lဆိုင်းဇီရဲ့ မိုးကောင်းကင်ခရီး တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Recaba win

တကယ်တော့ ရေဗက္ကာဝင်းဟာ ဂီတအလုပ်တွေနဲ့ အလှမ်းဝေးနေတာ ကြာခဲ့ပါပြီ။ ပညာရေး နဲ့ စီးပွားရေးဘက်ကို ပိုပြီး အာရုံစိုက်နေမိတာကြောင့် သီချင်းတွေ ပြန်ဆိုရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

‘’ ပြောရရင် သီချင်းမဆိုတာ ၈ နှစ်လောက်ရှိပြီဆိုတော့ သီချင်းဆိုရမှာတောင် နည်းနည်းကြောက်နေပြီ။ ဒါပေမယ့်လည်း ပရိသတ်တွေ အားပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ချင်ပါတယ်။ ဒါပေမယ့်လည်း Mini Concert လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ရဲဆေးပြန်တင်ရမှာပေါ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ အဆိုတော်ရေဗက္ကာဝင်းက Maka ဆိုတဲ့ တစ်ကိုယ်ေ တာ်အခွေကို ကချင်ဘာသာစကားနဲ့ သီဆိုကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြန့်ချိခဲ့ပါတယ်။ မြန်မာဘာသာစကားနဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရေဗက္ကာဝင်းဟာ အဆိုတော် L ခွန်းရီရဲ့ တူမတစ်ဦးဖြစ်ပြီး အဆိုတော် L လွန်းဝါ၊ L ဆိုင်းဇီ တို့နဲ့ မောင်နှမဝမ်းကွဲတော်စပ်သူပါ။




ဆက်စပ်အကြောင်းအရာများ


က္က