Sabal Thwin

ဖြိုးငွေစိုးက သူ့လိုပဲ သူ့ရဲ့ ညီလေးနဲ့ ညီမလေးကလည်း အနုပညာအလုပ်ကို ဝါသနာပါတယ်လို့ ဆိုပါတယ်။

Phoro: KY

သရုပ်ဆောင်ဖြိုးငွေစိုးက သူ့ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်တဲ့ ညီမဖြစ်သူ သီရိစိုးရဲ့အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။ မောင်နှမ ဖြစ်ပေမယ့် သူ့ကို အားမကိုးပဲ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်နေတာပါလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ညီမဖြစ်သူရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က ပံ့ပိုးပေးတာမျိူးတော့ မရှိပါဘူး။ သူတို့ကိုယ်တိုင်ကလည်း အလုပ်နဲ့ပတ်သက်လာရင် မပြောကြဘူး။ ပွဲတစ်ခုခုသွားမယ်ဆိုရင် ကိုကြီး သမီးလည်း လိုက်မယ်ဆိုတာလောက်ပဲပြောတာ။ သူတို့ ဘာရိုက်နေတယ်၊ ဘာရိုက်မယ် ဆိုတာမျိုးကိုလည်း ကျွန်တော့်ကို တော်ရုံတန်ရုံ မပြောကြဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီအလုပ်ကို လုပ်မယ်ဆိုရင် သူ့ဆုံးဖြတ်ချက်နဲ့ သူလုပ်တာမျိုးပဲ ဖြစ်စေချင်တယ်။ ဘေးကနေ ဝင်ပြီးတော့ ပံ့ပိုးလို့လုပ်လိုက်တာမျိုးတို့ဆို ကျွန်တော်မရှိတဲ့အချိန်ဆို သူတို့ ဘာလုပ်မလဲပေါ့နော်။ သူ့ဘာသာသူပဲ ဆုံးဖြတ်တယ်၊ သူမှန်တာ သူလုပ်၊ သူ့အပြစ်ကို သူခံ၊ ကျွန်တော်တို့ လုပ်ပေးနိုင်တာက ကူညီလို့ရတာတွေ ကူညီမယ်။ အမှားမြင်ရင် ကျွန်တော်တို့ ပြင်ပေးမယ်။ မဟုတ်ရင်တော့ ကျွန်တော်လည်း သူတို့ကိစ္စကို မပြောပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Ye Ngwe Soe

အဲဒီနောက် ဖြိုးငွေစိုးက ညီမဖြစ်သူကိုလည်း အလုပ်နဲ့ပတ်သက်ပြီး ပံ့ပိုးပေးတာမျိုး မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ညီမလေး သီရိစိုးရဲ့ ကြိုးစားမှုကိုလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။

‘’ကျွန်တော်ကလည်း ဒါကျွန်တော့် ညီမလေး သူ့ကို ခေါ်ရိုက်ပါဗျာလို့လည်း မပြောဖူးပါဘူး။ နောက်လည်းပြောမှာ မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း သမီးက ကိုဖြိုးငွေစိုး ညီမဖြစ်လို့ သမီးနဲ့ရိုက်ပါ ဆိုပြီးတော့ သွားပြောလို့မရဘူး။ သူ့ကို လာကမ်းလှမ်းအောင်၊ ရိုက်ချင်အောင် သူ့ဘာသာသူပဲ ကြိုးစားပြီးတော့ လုပ်သွားတာ။ ကျွန်တော့်ကြောင့်လည်း ဒီလောကထဲမှာ သူ အခွင့်အရေးပိုရသွားစရာအကြောင်းလည်း မရှိပါဘူး’’ လို့ ဇူလိုင်လ ၁ ရက်နေ့ က ‘’အနန္တ’’ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Phyo Ngwe Soe

ဖြိုးငွေစိုးက သူ့ရဲ့ မိသားစုမှာ ညီလေးရော ညီမလေးရောက အနုပညာအလုပ်ကို ဝါသနာပါတယ်လို့ဆိုပါတယ်။ ညီဖြစ်သူက ဂီတကို ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူကတော့ လက်ရှိမှာ သရုပ်ဆောင် အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

‘’ကျွန်တော်ကတော့ ဒီဘက်မှာ မင်းသားလုပ်မယ်ဆိုပြီး အော်နေတာပေါ့။ အိမ်ဘေးမှာဆောက်ထားတဲ့ နှစ်ထပ်တိုက်လေးက ရဲငွေစိုးကတော့ ဂစ်တာတွေတီးပြီး သီချင်းတွေဆိုနေတာ အဆိုတော် လုပ်မယ်ပေါ့။ အဲဒီမှာတင် ရပ်ကွက်က တော်တော်စိတ်ညစ်နေပြီ။ အဲဒါကို အလယ်က အိမ်ပေါ်မှာနေတဲ့ သီရိစိုးကပါ မင်းသမီးလုပ်ဦးမယ်ဟေ့ဆိုတော့ ရပ်ကွက်ကတော့ ငြီးပြီ ကျန်တာကတော့ မပြောတတ်ဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Phyo Ngwe Soe

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က